ဖေဖော်ဝါရီ ၂၇

အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် ယမန်နေ့က လေယာဉ်တစ်စင်း လေဆိပ်မှပျံသန်းပြီးမကြာမီ  ငှက်တစ်ကောင်နှင့်တိုက်မိသဖြင့်  နီးစပ်ရာလေဆိပ်သို့အရေးပေါ်ဆင်းသက်ခဲ့ရကြောင်း မြို့ပြလေကြောင်း ထိန်းသိမ်းရေး ညွှန်ကြားမှုဦးစီးဌာန( ဒီဂျီစီအေ )၏ ပြောကြားချက်အရ သိရသည်။

အဆိုပါလေယာဉ်သည်အိန္ဒိယနိုင်ငံ၏ပုဂ္ဂလိကအင်ဒီဂိုလေကြောင်းလိုင်းမှပိုင်ဆိုင်သောလေယာဉ်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုလေယာဉ်သည် အနောက်ပိုင်းဂူဂျာရတ်ပြည်နယ်ရှိ ဆူရတ်လေဆိပ်မှပျံတက်ပြီးမကြာမီမိနစ်ပိုင်းအတွင်း ငှက်တစ်ကောင်ဖြင့် တိုက်မိခဲ့ခြင်းဖြစ်ပြီး ယင်းလေယာဉ်မှူးသည် အနီးဆုံးလေဆိပ်တွင် အရေးပေါ်ဆင်းသက်ခွင့်တောင်းခံခဲ့သည်။ ထို့နောက် ယင်းလေယာဉ်သည် အရေးပေါ်အခြေအနေအရ ဂူဂျာရတ်ပြည်နယ်ရှိ အာမက်ဒါဘက်လေဆိပ်တွင် ဆင်းသက်ခွင့်ရရှိခဲ့သည်။

ဆူရတ်မှ ဒေလီသို့ ပျံသန်းမည့် 6E-646 လေယာဉ်သည် ဆူရတ်လေဆိပ်မှပျံတက်နေစဉ်အတွင်း ငှက်တစ်ကောင်ဖြင့်တိုက်မိသဖြင့် အာမက်ဒါဘက်လေဆိပ်တွင် ဘေးကင်းစွာဆင်းသက်နိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိကြောင်း ဒီဂျီစီအေ၏ပြောကြားချက်ကိုကိုးကားပြီး တရားဝင်သတင်းထုတ်ပြန်ထားသည်။

ထိုလေယာဉ်၏ နံပါတ်နှစ်အင်ဂျင် ပန်ကာဒလက်များပျက်စီးခဲ့သည်ကို မြေပြင်စစ်ဆေးကြည့်ရှုနေစဉ်အတွင်း တွေ့ရှိခဲ့သည်ဟု  ထပ်လောင်းဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို