ဩဂုတ် ၁၃

 

အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဂျတ်စ်သန်ပြည်နယ်တွင် မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် မတော်တဆမှုများကြောင့် သေဆုံးသူ ၂၂ ဦးထက်မနည်းရှိကြောင်း အောအိန္ဒိယရေဒီယိုရုပ်သံလွှင့်ဌာန (အေအိုင်အာ) တာဝန်ရှိသူက ယမန်နေ့ကဖော်ပြထားသည်။

 

အဆိုပါပြည်နယ်တွင် စနေနေ့မှစတင်ကာ မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် ယမန်နေ့က ခရိုင်ခုနစ်ခုဖြစ်သော ဂျေပါ၊ ဂျေပါရူရယ်၊ ဒါယူဆာ၊ ကာရူလီ၊ ဆာဝီမတ်ဟိုပါ၊ ဂန်ဂါပါနှင့် ဘာရတ်ပါခရိုင်တို့တွင် အစိုးရစာသင်ကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများအားလုံး ပိတ်ထားသည်ဟု သိရသည်။

 

ဘာရတ်ပါခရိုင်ရှိ ဘန်ဂန်ဂါမြစ်တွင် လူငယ်ခုနစ်ဦး ရေနစ်သေဆုံးခဲ့ပြီး  ဂျေပါခရိုင်အနီး ကာနိုတာဆည်တွင် လူတစ်ဦးချော်လဲကျရာမှ ၎င်းကိုကယ်ဆယ်ရင်း ၎င်း၏သူငယ်ချင်းလေးဦးစလုံးပါ ရေနစ်သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။ အခြားခရိုင်များတွင် မိုးရွာသွန်းမှုနှင့်ဆက်စပ်သည့် မတော်တဆမှုများကြောင့် ၁၀ ဦး သေဆုံးခဲ့သည်ဟု တာဝန်ရှိသူများကဆိုသည်။

 

မိုးများသည်းထန်စွာ ရွာသွန်းနေစဉ်အတွင်း ကြိုတင်ကာကွယ်မှုများ အထူးလုပ်ဆောင်ကြရန်လည်း ပြည်သူများအား ထိုပြည်နယ်ဝန်ကြီးချုပ်က မှာကြားထားသည်။ မိုးလေဝသဌာနက ရာဂျတ်စ်သန်ပြည်နယ်အရှေ့ပိုင်းခရိုင်ခုနစ်ခုတွင် မိုးများပိုမိုသည်းထန်စွာ ရွာသွန်းမည့် သတိပေးချက်များ ထုတ်ပြန်ထားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို