ဩဂုတ် ၂၃

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ထရီပူရာပြည်နယ်တွင် လွန်ခဲ့သောလေးရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများဖြစ်ပွားခဲ့ရာ ၂၂ ဦး ထက်မနည်းသေဆုံးခဲ့ပြီး အခြားနှစ်ဦးပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ယနေ့တွင်ပြောကြားသည်။

အဆိုပါပြည်နယ်တွင် ရေလွှမ်းမိုးမှုကြောင့် ရေဘေးသင့်သူ ၁ ဒသမ ၇ သန်းခန့်ရှိသည်ဟု သိရသည်။ ရေကြီးရေလျှံမှုကြောင့် နေအိမ်များ၊ အခြေခံအဆောက်အအုံ၊ လမ်းများနှင့် စိုက်ပျိုးမြေများ အများအပြားပျက်စီးခဲ့သည်။ အာဏာပိုင်များက ပြည်နယ်အတွင်း ကယ်ဆယ်ရေးစခန်း ၄၅၀ ဖွင့်လှစ်ထားပြီး ရေဘေးသင့်သူ ၆၅၀၀၀ ကျော် နေထိုင်သည်ဟု သိရသည်။

နေရာပေါင်း ၂၀၃၂ ခုမှ မြေပြိုမှုများအနက် မြေပြိုမှု ၁၇၈၉ ခု ရှင်းလင်းပြီးဖြစ်ကြောင်းနှင့် ကျန်ရှိနေသောနေရာများ၌ ပြန်လည်ပြင်ဆင်မွမ်းမံမှုလုပ်ဆောင်လျက်ရှိကြောင်းဖော်ပြထားသည်။ လေးရက်ဆက်တိုက် မိုးအဆက်မပြတ် ရွာသွန်းခဲ့သဖြင့် ထရီပူရာပြည်နယ်အတွင်းရှိ စိုက်ပျိုးမြေများ ပျက်စီးသွားခဲ့သည်ဟု သိရသည်။

ထိုပြည်နယ်၏နေရာအများအပြားတွင် မိုးများပိုမိုသည်းထန်စွာရွာသွန်းမည်ဟု မိုးလေဝသဌာနက ကြိုတင်ခန့်မှန်းထားပြီး ပြည်နယ်တစ်ခုလုံးကိုလည်း အနီရောင်သတိပေးချက် သတ်မှတ်ထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို