ရန်ကုန် ၂၁ စတင်ဘာ
အိန္ဒိယနိုင်ငံ၏ အကြီးဆုံးလေကြောင်းလိုင်းဖြစ်သည့် IndiGo လေကြောင်းလိုင်းမှ Airbus A320 အမျိုးအစားခရီးသည်တင် လေယာဉ်သည် အိန္ဒိယနိုင်ငံ ကိုလ်ကတ္တားမှ စက်တင်ဘာ ၂၀ ရက် မြန်မာစံတော်ချိန် နံနက် ၁၁ နာရီခွဲက ပျံသန်းလာပြီး ယင်းနေ့ မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပထမဆုံး ခရီးစဉ်အဖြစ် ဆိုက်ရောက်ခဲ့ကြောင်း သိရသည်။
ပထမဆုံးခရီးစဉ်အဖြစ် ရောက်ရှိလာသည့် အဆိုပါ လေယာဉ်နှင့် ခရီးသည်များအား ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ IndiGo လေကြောင်းလိုင်းမှ တာဝန်ရှိသူများ၊ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ လေကြောင်းလိုင်း တာဝန်ရှိသူများ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်လုပ်ငန်းများကို စီမံခန့်ခွဲ ဝန်ဆောင်မှုပေးနေသော Yangon Aerodrome Company Limited (“YACL”) မှ တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခြင်း၊ စားသောက်ဖွယ်ရာများဖြင့် တည်းခင်းဧည့်ခံခြင်းဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။
IndiGo လေကြောင်းလိုင်း ကိုလ်ကတ္တား - ရန်ကုန်ခရီးစဉ်မှ စတင်ပြီး မြန်မာနိုင်ငံ၏ ဝင်ထွက်ပေါက်ဖြစ်သည့် ရန်ကုန်မြို့နှင့် အိန္ဒိယနိုင်ငံရှိ မြို့များသို့ နေ့စဉ်ချိတ်ဆက် ပျံသန်းပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။ ခရီးစဉ်ကြာချိန် ပျမ်းမျှ ၂ နာရီ မှ ၂ နာရီခွဲခန့် ကြာမြင့်ပြီး ခရီးသည် ၁၈၀ ဦး ဝန်ဆောင်မှုပေးနိုင်သည့် Airbus A320 အမျိုးအစားလေယာဉ်ကို အသုံးပြု၍ IndiGo လေကြောင်းလိုင်းမှ နေ့စဉ်ပျံသန်း ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း မျိုးမင်းသိန်း(မရမ်းကုန်း)
ဓါတ်ပုံ-မျိုးကြီး


