နယူးဒေလီ ဩဂုတ် ၆

အိန္ဒိယနိုင်ငံ၏တတိယမြောက် လကမ္ဘာသို့စေလွှတ်သည့် မစ်ရှင်ဖြစ်သော ချန်ဒရာယန်း-၃ မှာ လပတ်လမ်းကြောင်းအတွင်းသို့ အောင်မြင်စွာ ဝင်ရောက်သွားပြီဖြစ်ကြောင်း အိန္ဒိယအာကာသ သုတေသန စူးစမ်းလေ့လာရေး အဖွဲ့အစည်း (အိုင်အက်စ်အာအို) က ဩဂုတ် ၆ ရက်တွင် ပြောသည်။ ဂြိုဟ်တုမှ ၎င်း၏ စင်တာများဆီသို့ သတင်းစကားပေးပို့ခဲ့သည်။ ချန်ဒရာယန်း-၃ မှာ လ၏ဆွဲအားကို စတင်ခံစားမိနေပြီဟု သတင်းပေးပို့ခဲ့ခြင်း ဖြစ်သည်။

လပတ်လမ်းကြောင်းအတွင်းသို့ ဝင်ရောက်သွားပြီးသည့်နောက် ချန်ဒရာယန်း -၃ မှာ လကို အကြိမ် များစွာ လှည့်ပတ်ကာ တဖြည်းဖြည်းချင်း ချဉ်းကပ်သွားရန် စီစဉ်ထားသည်ဟု အိန္ဒိယနိုင်ငံပိုင်ရုပ်သံဖြစ်သည့် အေအိုင်အာက ပြောသည်။ လမျက်နှာပြင်နှင့် ကီလိုမီတာ ၁၀၀ အကွာသို့ရောက်ရှိပါက လပေါ်သွားယာဉ်ကို လမျက်နှာပြင်ပေါ်သို့ ချထားမည်ဖြစ်သည်။

ဩဂုတ် ၂၃ ရက်တွင် လ၏တောင်ဝင်ရိုးစွန်းတွင် ညင်သာသည့်ဆင်းသက်မှု ပြုလုပ်မည်ဖြစ်ပြီး အာကာသယာဉ်သည် ရက် ၄၀ ကြာခရီးစဉ်ကို အဆုံးသတ်မည်ဟု မျှော်လင့်ထားသည်။ ချန်ဒရာယန်း-၃ ကို ဇူလိုင် ၁၄ ရက်က စတင်လွှတ်တင်ခဲ့ခြင်းဖြစ်သည်။ ချန်ဒရာယန်း -၂ ကို ၂၀၁၉ ခုနှစ် ဇူလိုင် ၂၂ ရက်တွင် လွှတ်တင်ခဲ့သည်။ သို့သော်လည်း ၂၀၁၉ ခုနှစ် စက်တင်ဘာ ၇ ရက်တွင် လမျက်နှာပြင်ပေါ် ဆင်းသက်ခြင်း မပြုမီ အဆက်အသွယ်ပြတ်တောက်သွားခဲ့သည်။

ဆင်ဟွာ