နယူးဒေလီ ဩဂုတ် ၂၂
အိန္ဒိယနိုင်ငံ၏ နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက်သည် ယနေ့တွင် တစ်သောင်းအောက် ကျဆင်းမှုဖြစ်ပေါ်ခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
သို့ရာတွင် အိန္ဒိယနိုင်ငံ၌လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၉၅၃၁ ဦး ထပ်မံတွေ့ရှိခဲ့ခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၄၄၃၄၈၉၆၀ ရှိလာကြောင်း အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် အချက်အလက်များအရ သိရသည်။
လက်ရှိတွင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိဆဲလူနာ ၉၇၆၄၈ ဦးရှိကြောင်း သိရသည်။ ထို့ပြင် အိန္ဒိယနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၃၆ ဦးထပ်မံတွေ့ရှိခြင်းကြောင့် အဆိုပါ ရောဂါဖြင့် သေဆုံးသူပေါင်း ၅၂၇၃၆၈ ဦးရှိလာ ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီးဌာနက ပြောကြားသည်။
အိန္ဒိယနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ၁၁၇၂၆ ဦးရှိခြင်းကြောင့် ပြန်လည်ကျန်းမာလာသူပေါင်း ၄၃၇၂၃၉၄၄ ဦးရှိလာကြောင်း အိန္ဒိယကျန်းမာရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ သိရသည်။
အိန္ဒိယနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာန၏ ပြောကြားချက်အရ လက်ရှိတွင် အိန္ဒိယနိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးအလုံးရေ ၂၁၀၀၂၄၀၃၆၁ လုံး အသုံးပြုပြီးဖြစ်ကြောင်းနှင့် ဩဂုတ် ၂၁ ရက်အထိ ကာလအတွင်း အိန္ဒိယနိုင်ငံ၌ ၈၈၂၇၂၅၅၀၉ ဦးအား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ရှိ၊ မရှိ စမ်းသပ်စစ်ဆေးမှုများ ပြုလုပ်ပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား - ဆင်ဟွာ၊
ဘာသာပြန် - အလင်းသစ်