နယူးဒေလီ နိုဝင်ဘာ ၁၆
အိန္ဒိယနိုင်ငံသည် နေ့စဉ် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူအရေအတွက် လျော့ကျလာခြင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးသူအရေအတွက် မြင့်တက်လာသည့်အတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံမှုခံယူပြီးသည့် နိုင်ငံခြားသား ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံအတွင်းသို့ ဝင်ရောက်လာမည့် နိုင်ငံခြားသားခရီးသွားများသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ် ထိုးနှံမှုခံယူထားပြီးသူများနှင့် အိန္ဒိယနိုင်ငံသို့ လာရောက်မည့် လေယာဉ်ခရီးစဉ်မတိုင်မီ ၇၂ နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်-၁၉ ရောဂါ မရှိကြောင်း အထောက်အထား ပြသရမည်ဖြစ်ကြောင်း အိန္ဒိယကျန်းမာရေးဝန်ကြီး ဌာနက ပြောကြားသည်။
အိန္ဒိယနိုင်ငံက ယခုကဲ့သို့နိုင်ငံခြားသားခရီးသွားများ နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုခဲ့ခြင်းသည် ၂၀၂၀ ပြည့်နှစ် မတ်လနောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
အိန္ဒိယနိုင်ငံ၌ အရွယ်ရောက်ပြီးလူဦးရေ၏ ၇၉ ရာခိုင်နှုန်းနီးပါးသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံမှုခံယူပြီး ဖြစ်ကြောင်းနှင့် ၃၈ ရာခိုင်နှုန်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံမှုခံယူပြီးဖြစ်ကြောင်း သိရသည်။
ကိုးကား- စီအင်န်အေ
ဘာသာပြန်-အလင်းသစ်