နယူးဒေလီ ဖေဖော်ဝါရီ ၁၇
အိန္ဒိယနိုင်ငံသည် လာမည့်နှစ်နှစ်အတွင်း အေအိုင်နည်းပညာကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံကျော် ရင်းနှီးမြှုပ်နှံရန် မျှော်မှန်းထားကြောင်း အီလက်ထရွန်နစ်နှင့် သတင်းအချက်အလက်ဆိုင်ရာ ဝန်ကြီး အာရှီနီ ဗိုက်ရှ်နော်က ဖေဖော်ဝါရီ ၁၇ ရက်တွင် ပြောကြားသည်။
အိန္ဒိယနိုင်ငံ မြို့တော် နယူးဒေလီတွင် အိန္ဒိယအေအိုင်အကျိုး သက်ရောက်မှုဆိုင်ရာ ထိပ်သီးအစည်းအဝေးနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီး အာရှီနီဗိုက်ရှ်နော်က ထိုကဲ့သို့ မှတ်ချက်ပြုပြောကြားလိုက်ခြင်း ဖြစ်သည်။
ကမ္ဘာတစ်ဝန်းမှ စီအီးအိုများသည် ခက်ခဲနက်နဲသောနည်းပညာသစ် တီထွင်မှုများနှင့် အခြေခံအဆောက်အအုံစီမံကိန်းများတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ဆောင်ကြရန် အထူးစိတ်ဝင်စားမှုရှိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
အိန္ဒိယနိုင်ငံသည် အေအိုင်နည်းပညာကို နည်းစနစ်ကျနမှုနှင့်အတူ တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် အကျိုးရှိစွာအသုံးချနိုင်ရေး ကမ္ဘာ့ခေါင်းဆောင်များကြားတွင် ဘုံသဘောတူညီချက်တစ်ရပ် ရရှိအောင် ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ဝန်ကြီး အာရှီနီဗိုက်ရှ်နော်က ပြောကြားသည်။
ဆင်ဟွာ


