နယူးဒေလီ နိုဝင်ဘာ ၁၈
အိန္ဒိယနိုင်ငံက ၎င်း၏ပထမဆုံးပြည်တွင်း ထုတ်တာဝေးပစ် အသံထက်မြန်ဒုံးကျည်ကို အောင်မြင်စွာ စမ်းသပ်ပစ်လွှတ်နိုင်ခဲ့ကြောင်း ပြောကြားလိုက်သည်။ အဆိုပါ အသံထက်မြန်ဒုံးကျည်ကို အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဩဒိစ္စကမ်းလွန်ရှိ ကျွန်းတစ်ကျွန်းမှ နိုဝင်ဘာ ၁၆ ရက်တွင် ပစ်လွှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းဒုံးကျည်သည် ၁၅၀၀ ကီလိုမီတာအကွာအဝေးအထိ ဗုံး၊ ဒရုန်းစသည့် အမျိုးမျိုးသော စစ်ဘက်သုံးလက်နက်များကို သယ်ဆောင်နိုင်ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။
ကာကွယ်ရေးဝန်ကြီး ရာဂျီနာဆင်းဒ်က အသံထက်မြန်ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုကို သမိုင်းဝင် အခိုက်အတန့်ဖြစ်ကြောင်း လူမှုကွန်ရက် X တွင် ရေးသားထားသည်။ ယင်းအောင်မြင်မှုကြောင့် အိန္ဒိယနိုင်ငံသည် ခေတ်မီစစ်ဘက်ရေးရာ နည်းပညာများကို ပိုင်ဆိုင်ထားသော ကမ္ဘာ့ထိပ်တန်းနိုင်ငံများထဲတွင် ပါဝင်လာပြီဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။ အသံထက်မြန်ဒုံးကျည်များသည် ရှာဖွေထောက်လှမ်းရန် ခက်ခဲကြောင်းနှင့် ကြားဖြတ်ပစ်ချဟန့်တားရန် ခက်ခဲကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ