တီးတိန် ၂၄ မေ

 

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ အိန္ဒိယ-မြန်မာ ချစ်ကြည်ရေး မဏိပူလ်မြစ် ကားကူးကြိုးတံတား (ဖီရ်တွန့်) ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် အိန္ဒိယနိုင်ငံမှ စတုတ္ထအကြိမ်ထောက်ပံ့သည့် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ခြင်းလုပ်ငန်းကို ယမန်နေ့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ တီးတိန်မြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယဦးစီးမှူး ဒေါ်ခင်သီတာနှင့် တာဝန်ရှိသူတို့က သွားရောက်စစ်ဆေးခဲ့သည်။

 

အဆိုပါတံတားသည် အိန္ဒိယနိုင်ငံမှ တတိယအကြိမ် ကူညီထောက်ပံ့မှုဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး တံတားရေရှည်တည်တံ့ခိုင်မြဲစွာ အသုံးပြုနိုင်ရေးအတွက် အတိုင်းအတာ (၁၀၀ ပေ × ၂၀ ပေ) နှစ်ဖက် ကျောက်စီမြေထိန်းနံရံ တည်ဆောက်ရန် ခွင့်ပြုရန်ပုံငွေ ကျပ် ၁၅၂ ဒသမ ၁၉၂ သန်းဖြင့် Three Brother ကုမ္ပဏီမှ တာဝန်ယူ တည်ဆောက်ခြင်းဖြစ်ကြောင်း၊ ကျေးရွာ ၂၅ ရွာ၊ အိမ်ခြေ ၂၅၇၉ မှ ပြည်သူ ၁၇၅၁၉ ဦးတို့အတွက် အကျိုးပြုမည်ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်အညီ အချိန်မီ ပြီးစီးနိုင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ပေါင်ကျင့်မုန်(ပြန်/ဆက်)