၂၀ မတ်

 

အိန္ဒိယနိုင်ငံမှ လာမည့် ၂၀၂၀-၂၀၂၁ ခုနှစ်အတွက် မတ်ပဲတန်ချိန် လေးသိန်း တင်သွင်းခွင့်ပြုခဲ့ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံနှင့်နှမ်းကုန်သည်များအသင်းမှ အတွင်းရေးမှူး ဦးမင်းကိုဦးက ပြောသည်။

 

ထိုသို့ မတ်ပဲ တန်ချိန်လေးသိန်း တင်သွင်းခွင့်ပြုခြင်းမှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ လကုန်ပိုင်းက နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၏ အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီးစဉ်တွင် မြန်မာနိုင်ငံမှ မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်းတန်ချိန် လေးသိန်းအထိ တိုးမြှင့်ဝယ်ယူရန် မေတ္တာရပ်ခံမှုအပေါ် အိန္ဒိယနိုင်ငံအနေဖြင့် တုံ့ပြန်သည့် သဘော ဖြစ်သည့်အပြင် အိန္ဒိယနိုင်ငံအနေဖြင့်လည်း မတ်ပဲလိုအပ်ချက်ရှိသောကြောင့် တင်သွင်း ခွင့်ပြုခြင်းဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

 

"အဓိကတော့ အိန္ဒိယက ဒီနှစ်မှာ မတ်ပဲလိုအပ်ချက်ရှိတယ် ဆိုတာကတော့ ရှေ့ပိုင်းမှာကတည်းက မြင်နေရတယ်၊ ဒါ့ကြောင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်ထဲမှာ သူတို့ တန်ချိန်တစ်သိန်းခွဲပဲ သတ်မှတ်ထားတာကို အဲနောက်မှာမှ လိုအပ်ချက်ရှိတဲ့အတွက်ကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာကုန် လောက်မှာ တန်ချိန်နှစ်သိန်းခွဲ မတ်လကုန် နောက်ဆုံးထားပြီး တင်သွင်းဖို့ဆိုပြီး ကြေညာတယ်၊ တန်ချိန်နှစ်သိန်းခွဲက မတ်လကုန်ထဲမှာ သူတို့ဘက်ကို ပြည့်မီအောင် မတင်နိုင်တဲ့အခါကျတော့ ဧပြီလ ထိ နောက်တစ်လရွှေ့ပေးတယ်၊ တစ်ခါ ဒီကြားထဲမှာ သမ္မတကြီး အိန္ဒိယသွားတဲ့ ခရီးစဉ်မှာ တန်ချိန် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ် ပဲပေါ်တဲ့အချိန်မှာ တန်ချိန်လေးသိန်း ဝယ်ပေးသင့်တယ်ဆိုပြီး တောင်းဆိုတဲ့အပေါ်မှာ ဒါ ပြန်တုံ့ပြန်တယ်ပေါ့လေ၊ တခြား များသောအားဖြင့် ဒီကိုတာစနစ်နဲ့ဆိုရင် မတ်ပဲ၊ ပဲစဉ်းငုံ၊ ပဲတီစိမ်း၊ စားတော်ပဲ ဒီပဲလေးမျိုးကို ကြေညာတာများတယ်၊ အခုဟာက မတ်ပဲတစ်ခုကိုပဲ တန်ချိန်လေးသိန်း တင်သွင်းခွင့်ပြုတာဆိုပြီး ချက်ချင်း ထုတ်ပြန်လိုက်တယ် ဆိုတာကလည်း သမ္မတကြီး တောင်းဆိုလိုက်တဲ့အပေါ်မှာ တုံ့ပြန်လိုက်တာလည်းပါတယ်၊ သူတို့က တကယ်ကို လိုအပ်ချက်ရှိလို့ ကြေညာတာလည်းပါတယ်"ဟု ဦးမင်းကိုဦးက ပြောသည်။

 

ထိုသို့ အိန္ဒိယနိုင်ငံမှ လာမည့်ဘဏ္ဍာနှစ်အတွက် မတ်ပဲ တန်ချိန်လေးသိန်း တင်သွင်းခွင့်ပြုခြင်းသည် ယခုနှစ်ပဲပေါ်ချိန်နှင့် လာမည့်နှစ်ပဲပေါ်ချိန် တောင်သူများအတွက် ပဲဈေးကွက် အလားအလာကောင်းကြောင်း ပဲကုန်သည်များက ပြောသည်။

 

"ဘာပဲပြောပြော ဈေးကွက်က ကျဉ်းတာထက်စာရင် အခုလို အိန္ဒိယဘက်က ၂၀၂၀ ထွက်တဲ့ပဲရော ၂၀၂၁ ထွက်တဲ့ပဲရော သူတို့ ဝယ်ပါမယ်လို့ ဂရမ်နီပေးလိုက်တဲ့အတွက် တောင်သူတွေအတွက် ကောင်းမှာပါ"ဟု  ဦးမင်းကိုဦးက ဆက်ပြောသည်။

 

လက်ရှိ အိန္ဒိယနိုင်ငံမှ လာမည့်ဘဏ္ဍာနှစ်အတွက် မတ်ပဲ တန်ချိန်လေးသိန်း တင်သွင်းခွင့်ပြုသည့် ထုတ်ပြန်ချက် ထွက်ပြီးနောက် မတ်ပဲဈေး အထိုက်အလျောက် တက်လာကာ ဈေးကွက်အတွင်း မတ်ပဲတစ်တန်လျှင် ကျပ် ကိုးသိန်းခွဲခန့် ရှိကြောင်း သိရသည်။

 

အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၁၅- ၂၀၂၀ နိုင်ငံခြားကုန်သွယ်မှု မူဝါဒအရ ဗဟိုအစိုးရက ၂၀၁၇ ခုနှစ်မှ စတင်၍ ကန့်သတ်တင်သွင်းကုန်စည်အဖြစ် သတ်မှတ်ထားသည့် မတ်ပဲအား ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွက် တန်ချိန် လေးသိန်းသတ်မှတ်၍ တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း နယူးဒေလီ မြို့ရှိ မြန်မာသံရုံးက ထုတ်ပြန်ထားသည်။

 

ယခုကန့်သတ်ချက်သည်လည်း အိန္ဒိယအစိုးရ၏ နှစ်နိုင်ငံချင်း သို့မဟုတ် ဒေသဆိုင်ရာအဆင့် လက်မှတ် ရေးထိုးထားသည့် နားလည်မှုစာချွန်လွှာများနှင့် သက်ဆိုင်မှုမရှိကြောင်း၊ မတ်လ ၃ ရက်က ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန(DGFT)မှ ကုန်သွယ်ရေးအသိပေးချက်  အမှတ် ၅၄/ ၂၀၁၉- ၂၀၂၀ ဖြင့် ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ်အတွက် ယခုနှစ် ဧပြီ ၃၀ ရက်အထိ အချိန်တိုးမြှင့် တင်သွင်းခွင့်ပြုထားသည့် မတ်ပဲတန်ချိန် နှစ်သိန်းခွဲအား သီးခြားဆက်လက် တင်သွင်းရန်ဖြစ်ကြောင်း၊ ထို့ပြင် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွက် ပြည်တွင်းရှိ ပဲခွဲစက်နှင့် ပဲသန့်စင်မှုလုပ်ငန်း ဆောင်ရွက်သူများကသာ DGFT ဌာနမှ သတ်မှတ်သည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ မတ်ပဲတင်သွင်းခွင့်ခွဲတမ်း လျှောက်ထားနိုင်ကြောင်း ဖော်ပြပါရှိသည့် အမန့်ကြော်ငြာစာအား အိန္ဒိယ ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနရှိ ကူးသန်းရောင်းဝယ်ရေးဌာနက မတ် ၁၇ ရက်တွင် ထုတ်ပြန်ခဲ့သည်။

 

ထို့ပြင် မတ်လ ၁၉ ရက်ကလည်း ပြည်ပကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန(DGFT)အနေဖြင့် ကုန်သွယ်ရေးအသိပေးချက် အမှတ် ၅၆/ ၂၀၁၉- ၂၀၂၀ နှင့် ၅၇/ ၂၀၁၉- ၂၀၂၀ တို့ကို ထပ်ဆင့်ထုတ်ပြန်ခဲ့ရာ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွက် တင်သွင်းခွင့်ပြုသည့် အဆိုပါ မတ်ပဲတန်ချိန် လေးသိန်းသည် ယခုနှစ် မေ ၁ ရက်မှ လာမည့် ၂၀၂၁ ခုနှစ် မတ် ၃၁ ရက်အတွင်းသာ တင်သွင်းရန် အကျုံးဝင်ကြောင်း ဖော်ပြထားသည်။

 

သို့ဖြစ်၍ ပြည်တွင်းရှိ ပဲခွဲစက်နှင့် ပဲသန့်စင်မှုလုပ်ငန်း လုပ်ကိုင်သူများအနေဖြင့် မတ်လ ၂၀ ရက်မှ ၃၁ ရက်အတွင်း DGFT ၏ အင်တာနက်စာမျက်နှာမှတစ်ဆင့် ကိုတာလျှောက်လွှာများ တင်သွင်းနိုင်ကြောင်း၊ မတ်ပဲတင်သွင်းခွင့် ရရှိသည့် ကုမ္မဏီများသည် အိန္ဒိယနိုင်ငံရှိ ဆိပ်ကမ်းသို့ လာမည့် ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက် အရောက် တင်သွင်းရမည်ဖြစ်ပြီး ၎င်းမတ်ပဲများတင်သွင်းရန် အချိန်တိုးမြှင့် တောင်းခံခြင်းကို လက်ခံဆောင်ရွက်မည်မဟုတ်ကြောင်း သိရသည်။

 

ငြိမ်းငြိမ်း