မန္တလေး ၁၈ ဒီဇင်ဘာ

 

အိန္ဒိယအစိုးရ၏ ပံ့ပိုးကူညီမှုဖြင့် အိန္ဒိယနိုင်ငံရှိ တက္ကသိုလ်(၂၃)ခုတွင် အာဆီယံနိုင်ငံများမှ ကျောင်းသား/ကျောင်းသူ ၁၀၀၀ ဦး ရွေးချယ်သွားမည်ဖြစ်ရာ အဆိုပါ ပညာတော်သင်ဆုအတွက် အွန်လိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ကြောင်း ယနေ့နံနက် နာရီခွဲက မန္တလေးမြို့ရှိ မြန်မာသတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် (MIIT) တွင် ကျင်းပပြုလုပ်သော အဆိုပါ ပညာတော်သင်ဆု ဆွေးနွေးပွဲမှ သိရသည်။

 

အိန္ဒိယနိုင်ငံမှ ပေးအပ်မည့် ပါရဂူဘွဲ့အတွက် အာဆီယံနိုင်ငံများမှ ပညာတော်သင် ၁၀၀၀ ဦး စိစစ်ရွေးချယ် သွားမှာပါ။ သိပ္ပံဘွဲ့၊ နည်းပညာဆိုင်ရာဘွဲ့နှင့် ဘွဲ့ကြိုတစ်ခုခုရရှိပြီးသော ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများ အသက်အရွယ်မရွေး အွန်းလိုင်းမှတစ်ဆင့် လျှောက်ထားနိုင်ပါတယ်။ အွန်လိုင်းမှာ မေးထားတဲ့ မေးခွန်းတွေကို ဖြေဆိုပေးရမယ်၊ မိမိကြိုက်နှစ်သက်တဲ့ ဘာသာရပ်ရွေးချယ်ကာ IIT တက္ကသိုလ် များမှာ လျှောက်ထားနိုင်ပါတယ်၊ နောက်တစ်ဆင့်မှာ IIT မှ တာဝန်ရှိသူတွေက အွန်လိုင်းအင်တာဗျူး လုပ်ရမှာပါ၊ အဲဒီအခါမှာ ကိုယ်သိတဲ့ ကိုယ်တတ်တဲ့၊ ကိုယ်ကျွမ်းကျင်တဲ့ အကြောင်းအရာ၊ ဘာသာရပ်ကို တိတိကျကျ သေသေချာချာ ရှင်းပြပေးနိုင်ရပါမယ်၊ လျှောက်ထားရမည့် လိပ်စာက asean.iitd.ac.in ပါဟု MIIT မှ ဒါရိုက်တာ KRV Raja Subramanian က ပြောသည်။

 

အဆိုပါ ပညာတော်သင်ဆု ရွေးချယ်ခံရသူများအနေဖြင့် အိန္ဒိယနိုင်ငံမှ တက္ကသိုလ်(၂၃)ခုတွင် မိမိကြိုက်နှစ်သက်သော တက္ကသိုလ်တွင် တက်ရောက်ခွင့်ရရှိမည်ဖြစ်ပြီး အိန္ဒိယနိုင်ငံအစိုးရမှ ပညာတော်သင်အသုံးစရိတ်အတွက် တစ်လလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀ နှင့် တခြားအသုံးစရိတ်များအတွက် တစ်နှစ်လျှင်အမေရိကန်ဒေါ်လာ ၁၀၀၀၀ အား ငါးနှစ်ကြာ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် တက္ကသိုလ်တွင် အဆောင်မရရှိသော ကျောင်းသား/ကျောင်းသူများအတွက် အိမ်လခအဖြစ် တစ်လလျှင် အမေရိကန်ဒေါ်လာ ၅၀၀ ထပ်မံထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

 

အဆိုပါ ပညာသင်ဆုအတွက် ()နှစ်ကြာ ဆောင်ရွက်သွားမည်ဖြစ်ပြီး တစ်နှစ်လျှင် နှစ်ကြိမ်ခေါ်ယူသွားမည်ဖြစ်ကြောင်း၊ ပထမအကြိမ်အဖြစ် ယခုနှစ်အောက်တိုဘာလမှာ စတင်ခေါ်ယူပြီး ရွေးချယ်ခံရသူများအနေဖြင့် လာမည့် ၂၀၂၀ ခုနှစ် ဇန်နဝါရီလတွင် တက်ရောက်ရမည်ဖြစ်ကြောင်း၊ ဒုတိယအကြိမ်အဖြစ် မတ်လတွင် စတင်ခေါ်ယူသွားမည်ဖြစ်ကာ ရွေးချယ်ခံရသူများအနေဖြင့် ဇူလိုင်လတွင် စတင်တက်ရောက်ရမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

 

မြန်မာပြည်မှ စိတ်ဝင်စားတဲ့ စကောလားရှစ်များအတွက် အရမ်းကောင်းတဲ့ အစီအစဉ်တစ်ခုပါ၊ ကိုယ်လုပ်ချင်တဲ့၊ ကိုယ်သိတဲ့ ဘာသာရပ်မှာ လျှောက်ထားနိုင်တဲ့အတွက် ကိုယ်ဘက်ကတော့ သေသေချာချာ ပြင်ဆင်ထားဖို့တော့လိုတယ်၊ ဒီပရိုဂရမ်က မြန်မာပြည်မှာ ပထမဦးဆုံးလုပ်တာပါ၊ ဒီပရိုဂရမ်အတွက် အိန္ဒိယအစိုးရက အမေရိကန်ဒေါ်လာ မီလီယံ(၃၀၀) အကုန်အကျခံ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်ဟု မြန်မာသတင်းအချက်အလက်နှင့် နည်းပညာတက္ကသိုလ် ပါမောက္ခ ဂျိုးထွန်းစိန်က ပြောသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)