ရိခေါ်ဒါရ်  ၁၀ ဇူလိုင်

 

အိန္ဒိယနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား သုံးဦးသည် ယမန်နေ့က ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် ဝင်ရောက်လာသဖြင့် အသွားအလာကန့်သတ်စောင့်ကြည့်ရန် သက်ဆိုင်ရာ Facility Quarantine နေရာအသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူ သုံးဦးအနက် အမျိုးသားနှစ်ဦးသည် ချင်းပြည်နယ်၊ ဖလမ်းမြို့၊ တလန်လိုရပ်ကွက်နှင့် ကျင်မွာလ်ရပ်ကွက်တို့၌ နေထိုင်သူများဖြစ်ပြီး ကျန်အမျိုးသားတစ်ဦးမှာ ရိခေါ်ဒါရ်မြို့ အမှတ်(၂)ရပ်ကွက်၌ နေထိုင်သူဖြစ်ကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူ သုံးဦးအား ရိခေါ်ဒါရ်မြို့ရှိ ပြည်ပမှပြန်လာသူများ ကြိုဆိုလက်ခံရေးစခန်း၌ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ လဝကဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် စစ်ဆေးလက်ခံခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေ အထိ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ နေရပ်ပြန်ပြည်သူ သုံးဦးအနက် အမျိုးသားနှစ်ဦးအား ဖလမ်းမြို့၊ လုံပီးစိုက်ပျိုးရေးသိပ္ပံကျောင်း၌ အသွားအလာ ကန့်သတ်ထားရှိပြီး ကျန်အမျိုးသားတစ်ဦးအား ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်ရှိ တောင်တန်း သာသနာပြု ထေရဝါဒဗုဒ္ဓသာသနာ ဘုန်းတော်ကြီးကျောင်း၌ အသွားအလာ ကန့်သတ်ထားရှိကြောင်း သိရသည်။

 

ရိခေါ်ဒါရ်(ပြန်/ဆက်)