ရိခေါ်ဒါရ် ၁၂ ဇွန်
ချင်းပြည်နယ်မြောက်ပိုင်း မြန်မာ-အိန္ဒိယနယ်စပ် ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် မြန်မာ-အိန္ဒိယ နှစ်နိုင်ငံနယ်စပ်၊ နယ်စပ်ချောင်း (တီအိုချောင်း)အား ဖြတ်ကူး၍ မြန်မာ- အိန္ဒိယ နှစ်နိုင်ငံ တရားဝင်ခွင့်ပြုချက်မရှိဘဲ မြန်မာနိုင်ငံ ဖက်သို့ တရားမဝင်နည်းလမ်းဖြင့် ခိုးဝင်လာသူမရှိစေရေး၊ မူးယစ်ဆေးဝါး၊ လက်နက်မှောင်ခိုနှင့် တရားမဝင် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်မှုမရှိစေရေးအတွက် လှည့်ကင်း၊ ဝပ်ကင်းနှင့် ရပ်ကင်းတို့ဖြင့် လုံခြုံရေးဆိုင်ရာ လှုပ်ရှားမှုများကို နေ့ညမပြတ် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် ရိခေါ်ဒါရ်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်လူငယ် Volunteer အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်တားဆီးရေးလုပ်ငန်း ဆောင်ရွက်မှုများ၊ မြို့အဝင်အထွက်နေရာများ၌ လူဝင်ထွက်သွားလာမှု စောင့်ကြည့်စစ်ဆေးခြင်း၊ Facility Quarantine ထားရှိသည့် နေရာများ လုံခြုံရေးစောင့်ကြည့်ခြင်း၊ ရပ်ကွက်အတွင်း နှာခေါင်းစည်း(Mask) တပ်ဆင်ခြင်းဆိုင်ရာ အသိပညာ ပေးခြင်း၊ ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်း၊ ရပ်ကွက်အတွင်း အသိပညာပေးခြင်း စသည်တို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(ရိခေါ်ဒါရ်မြို့ ပြန်/ဆက်)


