နေပြည်တော်  ဒီဇင်ဘာလ ၃၀  

 

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်နှင့် တိုင်းဒေသကြီး/ ပြည်နယ်များတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍ ဦးစားပေးအစီအစဉ်အလိုက် ကျေးလက်ဒေသများအထိ အားသွန်ခွန်စိုက် ကျယ်ပြန့်စွာ ထိုးနှံပေးလျက်ရှိသည်။     

      

ထိုသို့ထိုးနှံပေးလျက်ရှိရာတွင် ကာကွယ်ဆေးများ ထပ်မံရောက်ရှိမှုအနေဖြင့် အိန္ဒိယ နိုင်ငံမှ ဝယ်ယူထားသည့် COVIDSHIELD အမှတ်တံဆိပ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအသုတ်  ၆ ဒသမ ၇ သန်း dosesသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ယမန်နေ့ ညပိုင်းတွင် ထပ်မံရောက်ရှိလာပြီဖြစ်ရာ စုစုပေါင်း ကာကွယ်ဆေး  ၁၃ ဒသမ ၄ သန်း doses ရောက် ရှိပြီး ဖြစ်သည်။

         

အဆိုပါ ဒုတိယအသုတ်အဖြစ်ရောက်ရှိလာသည့် ရောဂါကာကွယ်ဆေး COVIDSHIELD အမှတ်တံဆိပ် ကာကွယ်ဆေး  ၆ ဒသမ ၇ သန်း doses ကို  ရန်ကုန်တိုင်း ဒေသကြီး ကုသရေးနှင့်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာနမှူး ဦးဆောင်သည့်အဖွဲ့က လက်ခံရယူ သည်။

         

ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပြီးစီးမှုအနေဖြင့်  ဒီဇင်ဘာ ၂၈   ရက်အထိ အသက်  ၁၈ နှစ် နှင့်အထက်ရှိသူ  ၁၃ ဒသမ ၇၈ သန်း ကို နှစ်ကြိမ်အပြည့် ထိုးနှံပေးခဲ့ပြီး  ၅ ဒသမ ၃၇ သန်းကို တစ်ကြိမ် ထိုးနှံပေးခဲ့ပြီးဖြစ်သည်။

 

သို့ဖြစ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တစ်ကြိမ်နှင့်အထက် ထိုးနှံပြီးသည့် အသက် ၁၈  နှစ်နှင့်အထက်ရှိသူ  စုစုပေါင်း  ၁၉ ဒသမ ၁၅ သန်း ခန့်ရှိပြီ ဖြစ်သောကြောင့်   ရည်မှန်း လူဦးရေအားလုံး၏  ၅၁  ရာခိုင်နှုန်းကျော်ကို ထိုးနှံပြီးစီးခဲ့ပြီးဖြစ်သည်။

 

ထို့ပြင် အခြေခံ ပညာကျောင်းများတွင်အသက်  ၁၂ နှစ်နှင့် အထက်ရှိ အလယ်တန်း၊ အထက်တန်း ကျောင်းသား/ ကျောင်း သူများကို ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေး လျက်ရှိရာ ကျောင်းသား/ ကျောင်းသူ စုစုပေါင်း ၁ ဒသမ ၂၉ သန်းကို နှစ်ကြိမ်အပြည့် ထိုးနှံပေးခဲ့ပြီး   ၁၈၈,၈၃၆  ဦးကို တစ်ကြိမ် ထိုးနှံပေးခဲ့ပြီး ဖြစ် ကြောင်း သိရသည်။

 

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဝယ်ယူခြင်းမှ  ၄၄ ဒသမ ၄  သန်း နှင့် လှူဒါန်းမှုမှ  ၁၁ ဒသမ ၉၆ သန်းခန့် စုစုပေါင်း ၅၆ ဒသမ ၃၆ သန်းခန့်ရရှိပြီးဖြစ်သည်။

 

 ၂၀၂၂ ခုနှစ်တွင်လည်း ကာကွယ်ဆေး လွှမ်းခြုံမှု ပိုမိုကောင်းမွန်အောင် သတ်မှတ် ဦးတည်အုပ်စုများအလိုက် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

         

မိဘပြည်သူများအနေဖြင့် မိမိအတွက် ရရှိလာသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို မပျက်မကွက် အကြိမ်ပြည့် ထိုးနှံမှုခံယူခြင်း၊ ပထမအကြိမ်ကာကွယ်ဆေး ထိုးနှံမှုရရှိထားသူများ အနေဖြင့်လည်း ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံမှုကို သတ်မှတ်ရက်တွင် (သို့မဟုတ်) အနီးဆုံး သတ်မှတ်ကာလ အတွင်းတွင် နီးစပ်ရာကာကွယ်ဆေးထိုး စုရပ်များသို့ သွားရောက်၍ ထိုးနှံမှုခံယူခြင်း နှင့် ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ကြပါရန် ကျန်းမာရေးဝန်ကြီးဌာနက တိုက်တွန်း နှိုးဆော်ထားသည်။

 

သတင်းစဉ်