၃၁ ဩဂုတ်
အိန္ဒိယနိုင်ငံတွင် ၂၄ နာရီအတွင်း ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်ဟာ ၇၈,၇၆၁ ဉီး ရှိတဲ့အတွက် တနင်္ဂနွေနေ့ဟာ ကမ္ဘာ့မှတ်တမ်းသစ် တင်တဲ့နေ့ဖြစ်ကြောင်း သိရပါတယ်။ ဒါပေမယ့် အိန္ဒိယ နိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေကိုတော့ ဆက်လက်ဖွင့်နေဆဲ ဖြစ်ပါတယ်။
လူပေါင်း ၁.၃ ဘီလီယံ နေထိုင်တဲ့ အိန္ဒိယ နိုင်ငံမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ အရေအတွက်ဟာ ၃.၅ သန်း ကျော် ရှိလာတဲ့အတွက် အမေရိကန်နဲ့ ဘရာဇီးနိုင်ငံတွေရဲ့ နောက်မှာ ရှိနေပါတယ်။ ကပ်ရောဂါပိုးကြောင့် သေဆုံးသူ ၆၃,၀၀၀ ကျော် ရှိကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အမေရိကန် နိုင်ငံမှာ ဇူလိုင် ၁၇ ရက်နေ့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ ၇၇,၆၃၈ ဦးတဲ့ ၂၄ နာရီအတွင်း ကမ္ဘာ့မှာ ဗိုင်းရပ်စ်ပိုး အများဆုံး တွေ့ရှိတဲ့ နိုင်ငံအဖြစ် မှတ်တမ်းတင်ခဲ့ဖူးကြောင်း မှတ်တမ်းတွေအရ သိရပါတယ်။
ဝန်ကြီးချုပ် မိုဒီရဲ့ တနင်္ဂနွေက ထုတ်လွှင့်ခဲ့တဲ့ လစဉ် ရေဒီယို မိန့်ခွန်းမှာ ကမ္ဘာ့မှတ်တမ်း တင်နိုင်တဲ့ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူ နေ့ရက်နဲ့ ပတ်သတ်ပြီး ပြောဆိုခြင်း မရှိပေမယ့် အိန္ဒိယနိုင်ငံသားတိုင်း ကျန်းမာပျော်ရွှင်ဖို့က အရေးကြီးကြောင်းနဲ့ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးကို အနိုင်ယူသွားမယ်လို့ ဟန္ဒီဘာသာစကားနဲ့ ပြောကြားသွားပါတယ်။
ဝန်ကြီးချုပ်က ကိုရိုနာ ဗိုင်းရပ်စ်ပိုးကို အနိုင်ရဖို့ဆိုတာ လုံခြုံရာမှာ နေရေး၊ တစ်ဦးနဲ့တစ်ဦး ၂ ကိုက် အကွာမှာ နေရေးနဲ့ မျက်နှာဖုံး ဝတ်ဆင်ထားခြင်းတွေနဲ့သာ ကပ်ရောဂါကို အနိုင်ယူနိုင်မယ်လို့ ထည့်သွင်းပြောကြားပါတယ်။
အိန္ဒိယနိုင်ငံရဲ့ မြို့တော် နယူးဒေလီနဲ့ စီးပွားရေး ဗဟိုဖြစ်တဲ့ မွမ်ဘိုင်းမြို့တွေဟာ ဗိုင်းရပ်စ်ပိုးဒဏ် ခံရဆုံးမြို့တွေ ဖြစ်ခဲ့ပေမယ့် လက်ရှိအချိန်မှာ မြို့ငယ်တွေနဲ့ မြို့ပြနေရာတွေ အထိမှာပါ ဗိုင်းရပ်စ်ပိုး တွေ့ရှိသူတွေ များလာတာကို တွေ့ရပါတယ်။
အိန္ဒိယပြည်ထဲရေးဝန်ကြီးက လာမယ့်လကစပြီး နိုင်ငံမှာ လူ ၁၀၀ အထိ စုဝေးခွင့်ကို မျက်နှာဖုံး ဝတ်ထားခြင်းနဲ့ တစ်ဦးနဲ့တစ်ဦး ခွပ်ခွာခွာနေရေး စည်းမျည်းတွေနဲ့အတူ ခွင့်ပြုသွားမယ်၊ မြို့ကြီးတွေကို ဆက်သွယ်ထားတဲ့ ရထားလိုင်းတွေကိုလည်း ပုံမှန်ပြန်လည်ခွင့်ပြု သွားမယ်လို့ ဆိုပါတယ်။
ကျောင်းတွေကို ဆက်လက် ပိတ်ထားမှာ ဖြစ်ပေမယ့် ကျောင်းသူကျောင်းသားတွေဟာ ဆရာဆရာမတွေ ကျောင်းဝင်း အတွင်းမှာ ကိုယ့်သဘောနဲ့ကိုယ် တွေ့ပိုင်ခွင့်ရှိကြောင်း ပြည်ထဲရေးဌာနက ထုတ်ပြန်တဲ့ စည်းမျဉ်းသစ်မှာ ဖော်ပြထားပါတယ်။
MDN
ကိုးကား - AFP