၂၉ ဇူလိုင်
အိန္ဒိယနိုင်ငံတွင် တရုတ်နိုင်ငံမှ အက်ပလီကေးရှင်း TikTok အပါအဝင် အက်ပလီကေးရှင်း ၅၉ ခုကို ပြီးခဲ့တဲ့ သီတင်းပတ်တွေက အသုံးပြုခွင့် တားမြစ်လိုက်ပြီးနောက် တရုတ်အက်ပလီကေး ၄၇ ခုအား ထပ်မံတားမြစ်ကြောင်း အိန္ဒိယပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။
ဟိမဝန္တာတောင်ကြားက နှစ်နိုင်ငံ နယ်စပ်တွင် အိန္ဒိယ-တရုတ် တပ်တွေကြားက တင်းမာမှုတွေကြောင့် အိန္ဒိယ စစ်သား ၂၀ ပြီးခဲ့တဲ့လက သေဆုံးခဲ့ပြီးနောက် တင်းမာမှုတွေ ပြင်းထန်လာတာကို တွေ့ရပါတယ်။ တရုတ်နိုင်ငံဘက်ကတော့ အသေအပျောက်နဲ့ ထိခိုက်မှုကို ထုတ်ပြန်ခြင်း မရှိကြောင်း သိရပါတယ်။
တရုတ်နိုင်ငံမှ မိုဘိုင်းအက်ပလီကေးရှင်း ၄၇ ခုကို သုံးစွဲခွင့် ပိတ်ပင်လိုက်ကြောင်း၊ အိန္ဒိယအစိုးရရဲ့ သတင်းအချက် လုံခြုံရေးကို အလေးထားတဲ့ အတွက်ဖြစ်ကြောင်း၊ အခုထုတ်ပြန်ချက်ကို ပြီးခဲ့တဲ့ သောကြာနေ့က ထုတ်ပြန်ခဲ့တာ ဖြစ်ကြောင်း အမည်မဖော်လိုသူ တာဝန်ရှိသူတစ်ဦးက AFP သတင်းဌာနကို ပြောပါတယ်။
အစိုးရကနေ အက်ပလီကေးရှင်း ၄၇ အား သုံးစွဲခွင့် တားမြစ်ကြောင်း တရားဝင်စာ ထုတ်ပြန်ခြင်း မရှိပေမယ့် အိန္ဒိယနိုင်ငံတစ်ဝန်းက သတင်းဌာနကြီးတွေကပါ ကျယ်ကျယ်ပြန့်ပြန် သတင်းရေးသားနေတာကို တွေ့ရပါတယ်။
နှစ်နိုင်ငံတပ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့တဲ့ ဇွန်လလယ်ကစပြီး တရုတ်ဆန့်ကျင့်ရေး အနေနဲ့ လမ်းမတွေပေါ်မှာ ဆန္ဒပြခြင်းနဲ့ တရုတ်ထုတ်ကုန်တွေပါ တားမြစ်ရေးတွေကို လူဦးရေ ၁.၃ ဘီလီယံနေထိုင်တဲ့ အိန္ဒိယနိုင်ငံ အတွင်းမှာ လုပ်ဆောင်နေတာကို တွေ့ရပါတယ်။
ဒေသတွင်း သတင်းတွေအရ တရုတ်အက်ပလီကေးရှင်း နောက်ထပ် ၂၇၅ ခုကိုလည်း နိုင်ငံရဲ့ သတင်း အချက်အလက် လုံခြုံရေး စိုးရိမ်မှုနဲ့ ပိတ်ပင်သွားမယ်လို့ သိရပါတယ်။ အဲဒီ အက်ပလီကေးရှင်း တွေထဲမှာ Tencent နည်းပညာကုမ္ပဏီက ထုတ်လုပ်ထားတဲ့ PUBG ဂိမ်းပါ ပါဝင်ကြောင်း သိရပါတယ်။
တရုတ်နိုင်ငံမှ ကလေးကစားစရာပစ္စည်း၊ မိတ်ကပ်ပစ္စည်း၊ အမျိုးသမီး လက်ကိုင်အိတ်ကနေ အိမ်အသုံးဆောင် ပစ္စည်းနဲ့ ဆေးဝါးတွေ အပါအဝင် ကုန်ပစ္စည်း အမျိုးပေါင်း ၃,ဝ၀ဝ ကျော်ကို အိန္ဒိယနိုင်ငံသို့ တင်ပို့နေကြောင်း သိရပါတယ်။
MDN
ကိုးကား- AFP