နယူးဒေလီ ၄ ဇန်နဝါရီ
အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတာပရာဒေ့ရှ်ပြည်နယ် ဂါဇီယာဘတ်ခရိုင်၌ ခေါင်မိုးပြိုကျမှုတွင် သေဆုံးသူ ၂၃ ဦးအထိ ရှိလာခဲ့ပြီဟု တာဝန်ရှိသူများက ပြောကြားခဲ့သည်။
မိုးရွာသွန်းမှုကြောင့် မီးသင်္ဂြိုဟ်ရုံတစ်ခု၏ ခေါင်မိုးပြိုကျမှု ဖြစ်ပွားပြီးနောက် ဂါဇီယာဘတ်ခရိုင်၊ မူရတ်နာ ဂါဧရိယာ၌ ကယ်ဆယ်ရေး လုပ်ငန်းတစ်ရပ် ဆောင်ရွက်ခဲ့သည်။ သေဆုံးသူများမှာ စျာပန အခမ်းအနား တက်ရောက်သူများ ဖြစ်သည်။
“လက်ရှိ သေဆုံးသူ ၂၃ ဦးအထိ ရှိလာပါပြီ။ ခေါင်မိုးပြိုကျချိန်က အဲဒီနေရာမှာ စုစုပေါင်း လူ ၃၈ ဦး ရှိခဲ့ပါတယ်။ ဒဏ်ရာရရှိသူတွေကို ဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်” ဟု ခရိုင်အုပ်ချုပ်ရေးမှူး အနီတာ မက်ရှ်ရမ်က ပြောသည်။
စုံစမ်းစစ်ဆေးမှုတစ်ရပ် ဆောင်ရွက်နေပြီး ပြီးစီးပါက ပြည်နယ်အစိုးရသို့ ပေးပို့မည်ဟု ၄င်းက ပြောသည်။ ဆေးရုံက အလောင်း ၁၉ လောင်း လက်ခံရရှိခဲ့ကြောင်း ဂါဇီယာဘတ် ခရိုင်ဆေးရုံအုပ် ဒေါက်တာ အနူရတ် ဘာဂါရာက ပြောသည်။
ကနဦး သတင်းများအရ လူ ၃၀ ဦးခန့် အဆိုပါဧရိယာအတွင်း ပိတ်မိနေကြောင်း ခရိုင်ရဲတပ်ဖွဲ့ အကြီးအကဲ ကာလာနီဒီနိုင်သာနီက ပြောသည်။
အိန္ဒိယ ဝန်ကြီးချုပ် နာရင်ဒရာမိုဒီနှင့် သမ္မတ ရမ်နတ်ကိုဗင်တို့က အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ဝမ်းနည်းမိကြောင်း ပြောကြားခဲ့သည်။
ကိုးကား-Anadolu