မေ ၃၀
အိန္ဒိယနိုင်ငံ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်တွင် ယမန်နေ့က မီးရှူးမီးပန်းစက်ရုံအတွင်းပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ရာ လူငါးဦး ထက်မနည်းသေဆုံးပြီး ၂၅ ဦးအထက် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
အဆိုပါစက်ရုံသည် ပန်ဂျပ်ပြည်နယ် သီရိမတ်ဆာဆဟစ်ခရိုင်ရှိကျေးရွာတစ်ရွာအနီးတွင်တည်ရှိသည်။ ယင်းထိခိုက်ဒဏ်ရာရ သေဆုံးသူအားလုံးသည် မီးရှူးမီးပန်းထုတ်လုပ်မှုနှင့် ထုပ်ပိုးမှုလုပ်ငန်းတွင် လုပ်ကိုင်ကြသည့် အလုပ်သမားများဖြစ်ကြောင်း ဖော်ပြထားသည်။
ပေါက်ကွဲမှုကြောင့် နှစ်ထပ်အဆောက်အအုံပြိုကျခဲ့ပြီး အလုပ်သမားများမှာထိုအပျက်အစီးများအောက်တွင် ပိတ်မိနေ ခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူများကို အနီးနားရှိအစိုးရဆေးရုံများသို့ ပို့ဆောင်ထားကြောင်းနှင့် ပေါက်ကွဲမှုဖြစ်ပွားရသည့် အကြောင်းရင်းကို သိရှိနိုင်ရေး စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း ရဲအရာရှိတစ်ဦးကပြောကြားသည်။
အပျက်အစီးများအောက်တွင် ပိတ်မိနေသူတစ်ဦးတစ်ယောက်မျှမရှိစေရေးကြိုးစားဆောင်ရွက်လျက်ရှိပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို