ဇူလိုင် ၁၁

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဉတရာပရာဒက်ရှ်ပြည်နယ်တွင် လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးနှင့်ဆက်စပ်သော မတော်တဆဖြစ်မှုများကြောင့် ၂၂ ဦးထက်မနည်းသေဆုံးကြောင်း တာဝန်ရှိသူများက ယနေ့တွင်ပြောကြားသည်။

မိုးများအဆက်မပြတ်ရွာသွန်းမှုကြောင့် မြစ်ရေကြီးမှုများဖြစ်ပေါ်ပြီး ထိုပြည်နယ်၏ခရိုင် ၁၂ ခုရှိ ကျေးရွာပေါင်း ၆၀၀ ကျော် ရေလွှမ်းမိုးမှုဖြစ်ပွားခဲ့သည်ဟု ကယ်ဆယ်ရေးဌာနတာဝန်ရှိသူများက ပြောကြားသည်။

စိုက်ပျိုးမြေဧက ၁၀၀၀ ကျော် ရေလွှမ်းမိုးခံရပြီး လူပေါင်း ၈၀၀၀၀၀ နီးပါး ရေဘေးသင့်ခဲ့သည်။ ကယ်ဆယ်ရေးအဖွဲ့များက  လူပေါင်း ၁၀၀၀၀ ကျော်အား ဘေးလွတ်ရာနေရာများသို့ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

နိုင်ငံ၏အရှေ့မြောက်ပိုင်းအာသံပြည်နယ်တွင် ရေကြီးရေလျှံမှုများဖြစ်ပွားနေသည့်အပြင် နိုင်ငံ၏ပြည်နယ်အများအပြားတွင် မုတ်သုံမိုးများအဆက်မပြတ်ရွာသွန်းနေသဖြင့် ရေကြီးမှုများဖြစ်ပေါ်နေကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို