မေ ၃၁

အိန္ဒိယနိုင်ငံအရှေ့ပိုင်းဘီဟာပြည်နယ်မှအမျိုးသားတစ်ဦးသည် အပူဒဏ်ကြောင့် မြို့တော်နယူးဒေလီရှိဆေးရုံတွင် သေဆုံးသွားကြောင်း တာဝန်ရှိသူများက ယမန်နေ့ကပြောကြားသည်။ အဆိုပါအမျိုးသားသည် အသက် ၄၀ အရွယ်ရှိပြီး ဘီဟာပြည်နယ် Darbhanga ဇာတိဖြစ်ကြောင်းနှင့် အစိုးရပိုင် ရမ်အာနိုဟာလိုဟီရာဆေးရုံတွင် မေလ ၂၇ ရက် ညပိုင်းက ကုသမှုခံယူခဲ့ကြောင်း သိရသည်။

ထိုအမျိုးသား၏ခန္ဓာကိုယ်အပူချိန် ၄၂ ဒသမ ၂ ဒီဂရီစင်တီဂရိတ်အထိမြင့်တက်သွားပြီး ခန္ဓာကိုယ်အစိတ်အပိုင်း အများအပြားပျက်စီးသွားသောကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင့် ဆရာဝန်များကပြောကြားသည်။ မြို့တော်ဒေလီတွင် လက်ရှိအချိန်အထိအပူဒဏ်ကြောင့် ပထမဆုံးသေဆုံးမှုဖြစ်ကြောင်း ဖော်ပြထားသည်။ ဒေလီတွင် စံချိန်တင် အပူချိန်မြင့်မားမှုနှင့် မကြုံစဖူး ကြုံတွေ့နေရသည်။

ဒေလီရှိမန်ဂတ်စ်ပါဒေသတွင် အပူချိန် ၅၂ ဒသမ ၉ ဒီဂရီစင်တီဂရိတ်အထိ ရောက်ရှိခဲ့ပြီး စံချိန်တင် အပူချိန်အမြင့်မားဆုံး မြင့်တက်ခဲ့သည်။

အပူလှိုင်းကြားတွင်ဒေလီသည် လျှပ်စစ်ဓာတ်အားလိုအပ်မှုများနှင့်အတူ သောက်သုံးရေပြတ်လပ်မှုနှင့်လည်း တွေ့ကြုံ နေရသည်။

ရေအလွန်အကျွံသုံးစွဲမှုအတွက်ဒဏ်ကြေးများထုတ်ပေးခြင်းနှင့် ရေပေးဝေမှုအပါအဝင် စီမံချက်အချို့ကိုအကောင် အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ဒေသအစိုးရက ပြောကြားခဲ့သည်။

မေလ ၂၈ ရက်ကရာဂျတ်စ်သန်ပြည်နယ်တွင်ပြင်းထန်သောအပူလှိုင်းဖြစ်ပေါ်မှုကြောင့် ခြောက်ဦးသေဆုံးခဲ့သည်ဟု ထိုပြည်နယ်အစိုးရအဖွဲ့က ပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို