၂၀ မေ
ပါလီမန်မဲဆန္ဒနယ် ၅၀ ကျော်၏ ရွေးကောက်ပွဲနောက်ဆုံးအဆင့်ဖြစ်သည့် သတ္တမအဆင့်နှင့် အိန္ဒိယနိုင်ငံ၏ ၁၇ ကြိမ်မြောက် အထွေထွေရွေးကောက်ပွဲများ ဆန္ဒမဲပေးခြင်းမှာ ယမန်နေ့က ပြီးဆုံးသွားပြီဖြစ်သည်။
ထိုရွေးကောက်ပွဲ ဆန္ဒမဲပေးမှုများကို အဆင့် ၇ ဆင့် ကျင်းပခဲ့ကာ ပထမအဆင့်ကို ဧပြီလ ၁၁ ရက်နေ့၊ ဒုတိယအဆင့်ကို ဧပြီ ၁၈ ရက်နေ့ ၊တတိယအဆင့်ကို ဧပြီ ၂၃ ရက်နေ့၊ စတုတ္ထအဆင့်ကို ဧပြီ ၂၉ ရက်နေ့၊ ပဉ္စမအဆင့်ကို မေ ၆ ရက်နေ့၊ ဆဌမ အဆင့်ကို မေ ၁၂ ရက်နေ့နှင့် နောက်ဆုံးအဆင့် ဖြစ်သော သတ္တမအဆင့်ကို ယမန်နေ့က ကျင်းပခဲ့ကြောင်း ဖော်ပြထားသည်။
အဆိုပါ ရွေးကောက်ပွဲ အဆင့် ၇ ဆင့်လုံးအတွက် မဲရေတွက်မှုကို မေလ ၂၃ ရက်နေ့အထိ ရေတွက်မည် ဖြစ်သော်လည်း အိန္ဒိယရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူ၏အဆိုအရ ရွေးကောက်ပွဲ ဆန္ဒမဲနောက်ဆုံးရလာဒ်ကို ယင်းနေ့တွင် ထုတ်ပြန်ကြေညာမည်ဖြစ်ကြောင်း သိရသည်။
အိန္ဒိယရွေးကောက်ပွဲကော်မရှင် ကိန်းဂဏန်းဖော်ပြမှုအရ ၂၀၁၄ ခုနှစ်က ကျင်းပခဲ့သော နောက်ဆုံး ပါလီမန်ရွေးကောက်ပွဲပြီးနောက် ထပ်တိုးမဲဆန္ဒရှင်သစ် ၈၄ ဒသမ ၃ သန်းခန့်တွင် မဲဆန္ဒရှင် ၁၅ သန်းကျော်သည် အသက် ၁၈ - ၁၉ နှစ် အရွယ် လူငယ်များဖြစ်သည် ဟု ဖော်ပြထားသည်။
ဝန်ကြီးချုပ် နာရိန္ဒရာမိုဒီသည် အဓိက အာဏာရပါတီ Bharatiya Janata Party (BJP) အတွက် ရက်ပေါင်း ၅၀ ကျော် နိုင်ငံအနှံ့ မဲဆွယ်စည်းရုံးခဲ့ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန် - မြင့်မြင့်ချို