ဖေဖော်ဝါရီ ၉
အိန္ဒိယနိုင်ငံအနောက်ပိုင်း ရာဂျတ်စ်သန်ပြည်နယ်၊ ကိုတာမြို့တွင် ဖေဖော်ဝါရီ ၇ ရက်နေ့က အဆောက်အအုံပြိုကျမှုကြောင့် နှစ်ဦးထက်မနည်း သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အစိုးရတာဝန်ရှိသူတစ်ဦးက ယမန်နေ့က ပြောကြားခဲ့သည်။
အဆိုပါနေရာမှ သေဆုံးသူအလောင်း နှစ်လောင်းကို ပြန်လည်တွေ့ရှိခဲ့ပြီး သေဆုံးသူများကို ရှာဖွေဖော်ထုတ်ရန် ကြိုးစားလုပ်ဆောင်လျက်ရှိကြောင်း ကိုတာ၏ ဌာနခွဲကော်မရှင်နာ အာနီးလ် အဂရာဝါလ်က ပြောကြားခဲ့သည်။
ထိခိုက်ဒဏ်ရာရရှိသူများအနက် ပြင်းထန်စွာဒဏ်ရာရရှိခဲ့သူနှစ်ဦးရှိကြောင်းနှင့် ဒဏ်ရာရသူအားလုံးကို ဒေသခံဆေးရုံ အသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဒေသခံမီဒီယာများ၏ ပြောကြားချက်အရ ထိုအဆောက်အအုံ၏မြေညီထပ်တွင် စားသောက်ဆိုင်တစ်ခုရှိသည်ဟု သိရသည်။
ယင်းအဆောက်အအုံပြိုကျမှုဖြစ်ပွားရခြင်း အကြောင်းရင်းကိုမသိရှိရသေးကြောင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ကြောင်း ဖော်ပြထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


