ဇွန် ၂၆

 

အိန္ဒိယနိုင်ငံ၏ စီးပွားရေးမြို့တော် မွမ်ဘိုင်းတွင် သီးခြားအဆောက်အဦနှစ်လုံး ပြိုကျမှုကြောင့် ယမန်နေ့က နှစ်ဦးသေဆုံးပြီး အခြားနှစ်ဦးပိတ်မိခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

ယမန်နေ့မွန်းလွဲပိုင်းက မွမ်ဘိုင်းမြို့ ဗီလီပါလီဂို့တန်ဒေသ နန်နာဗာတီဆေးရုံအနီးရှိ အဆောက်အဦတစ်လုံး၏ အစိတ်အပိုင်းပြိုကျခဲ့သဖြင့် နှစ်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာရရှိခဲ့သည်။

 

အာဏာပိုင်များက အဆောက်အဦ ပြိုကျမှုသတင်းရရှိပြီးနောက်  ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်ရန် မီးသတ်တပ်ဖွဲ့၊ ရဲတပ်ဖွဲ့ နှင့် တာဝန်ရှိသူများအား ယင်းနေရာသို့ စေလွှတ်ခဲ့သည်ဟု သိရသည်။

 

ကယ်ဆယ်ရေးသမားများက ထိုအဆောက်အဦ လသာဆောင်၏ အစိတ်အပိုင်းပြိုကျအပျက်အစီးများအောက်မှ ငါးဦးကို ဆွဲထုတ်ပြီး နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

အဆိုပါဆေးရုံသို့ ရောက်ရှိလာသူငါးဦးအနက် နှစ်ဦးသေဆုံးပြီး အခြားသုံးဦးသည် ဆေးရုံတွင် ကုသမှုခံယူခဲ့သည်ဟု သိရသည်။

 

ထိုမနက်ပိုင်းက ဂက်ကိုပါဒေသရှိ သုံးထပ်အဆောက်အဦတစ်လုံး၏ အစိတ်အပိုင်းပြိုကျမှု ဖြစ်ပွားခဲ့သည်။

 

အဆောက်အဦ တတိယထပ်ကြမ်းခင်းတွင် လေးဦးပိတ်မိခဲ့ရာ ၎င်းတို့ကို အောင်မြင်စွာ ကယ်ဆယ်နိုင်ခဲ့သော်လည်း နှစ်ဦးသည် ထိုအပျက်အစီးအောက်တွင် ပိတ်မိနေဆဲဖြစ်သည်ဟု ယူဆရသည်။

 

ဗီလီပါလီဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်းပိတ်သိမ်းခဲ့ပြီး ဂက်ကိုပါဒေသတွင် ကယ်ဆယ်ရေးလုပ်ငန်းဆက်လက် လုပ်ဆောင်လျက်ရှိသည်ဟု တာဝန်ရှိသူများက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို