နယူးဒေလီ ၁၉ မေ
အိန္ဒိယနိုင်ငံသို့ ဝင်ရောက်လာသည့် အမ်ဖန်ဆိုင်ကလုန်းမုန်တိုင်းသည် ညသန်းခေါင်အချိန်တွင် အင်အားပြင်းထန်သည့် မုန်တိုင်းအဖြစ် ပြောင်းလဲလာခဲ့ကာ လာမည့်ခြောက်နာရီအတွင်း စူပါဆိုင်ကလုန်း မုန်တိုင်းအဖြစ် ထပ်မံအင်အားကောင်းလာနိုင်ဖွယ်ရှိနေကြောင်း အိန္ဒိယမိုးလေဝသဌာနက မေ ၁၈ ရက်တွင် သတိပေးလိုက်သည်။
တဖြည်းဖြည်း အင်အားကောင်းလာနေသည့် ဆိုင်ကလုန်းမုန်တိုင်းသည် အနောက်ဘင်္ဂလားပြည်နယ်နှင့် ဩရိဿ ကမ်းခြေဧရိယာများသို့ ဝင်ရောက်လာဖွယ်ရှိကြောင်း သိရသည်။ မုန်တိုင်းသည် မေ ၂၀ ရက် ညနေပိုင်း အချိန်လောက်တွင် မြောက်ဘက်ဆီသို့ ဦးတည်နိုင်ကြောင်း၊ ထို့နောက် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ဘက်ကို ဖြတ်ကျော်ကာ ဒီဂါနှင့်ဟာတီယာကျွန်းအကြားရှိ အနောက်ဘင်္ဂလားပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသကို ဖြတ်ကျော်နိုင်ဖွယ်ရှိကြောင်း အိန္ဒိယမိုးလေဝသဌာနက ထုတ်ပြန်ခဲ့သည့် သတင်းအချက်အလက်အရ သိရသည်။
မုန်တိုင်းအခြေအနေဆိုင်ရာ ကြိုတင်ပြင်ဆင်ဆောင်ရွက်မှုများနှင့် ပတ်သက်၍ သုံးသပ်ဆွေးနွေးရန် အိန္ဒိယဝန်ကြီးချုပ် နာရိန္တာမိုဒီက ဖက်ဒရယ်ပြည်ထဲရေးဝန်ကြီးဌာနနှင့် အမျိုးသားသဘာဝ ဘေးစီမံခန့်ခွဲမှု အေဂျင်စီတို့မှ အာဏာပိုင်များနှင့် တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဆင်ဟွာ