ဇွန် ၁၉

 

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာပရာဒေ့ရှ်ပြည်နယ်နှင့် ဘီဟာပြည်နယ်တို့တွင် အပူချိန်မြင့်မားမှုကြောင့် လွန်ခဲ့သောသုံးရက်အတွင်း သေဆံဒးသူ ၉၈ ဦးအထိ မြင့်တက်လာကြောင်း ဒေသတွင်းတာဝန်ရှိသူများက ယမန်နေ့က ပြောကြားသည်။

 

အဆိုပါ အပူချိန်မြင့်မားမှုကြောင့် ဘီဟာပြည်နယ်တွင် ၄၄ ဦးနှင့် ဥတ္တရာပြည်နယ်တွင် ၅၄ ဦးသေဆုံးခဲ့သည်။ လူနာအများစုသည် အသက် ၆၀ နှစ်အထက်အရွယ်များဖြစ်ကြောင်း တာဝန်ရှိသူများကပြောကြားသည်။

 

အိန္ဒိယမိုးလေဝသဌာန၏ အချက်အလက်ဖော်ပြချက်အရ နိုင်ငံ၏အချို့နေရာများတွင် ဇွန်လ ၁၆ နှင့် ၁၇ ရက်တို့က  ၄၂ ဒသမ ၂ ဒီဂရီ စင်တီဂရိတ်ဖြင့် အပူချိန်မြင့်မားခဲ့ရာ သာမန်ထက် ၄ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ပိုမိုခဲ့သည်ဟု သိရသည်။

 

ဥတ္တရာပရာဒေ့ရှ်ပြည်နယ်ရှိ ဘာလ်လီယာခရိုင်တွင် အပူဒဏ်အများဆုံးခံရသည်။ အပူချိန်မြင့်မားမှုကြောင့် အချို့သောသူများမှာ အနည်းငယ်ဖျားနာရာမှအခြေအနေပိုမိုဆိုးရွားလာကြောင်း ဆေးဘက်ဆိုင်ရာအကြီးအကဲ၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသတွင်းမီဒီယာက ဖော်ပြထားသည်။

 

ထိုအပူချိန်မြင့်မားမှုကြောင့် ဇွန်လ ၁၅ ရက်က ၂၃ ဦး၊ ဇွန်လ ၁၆ ရက်က ၂၀ ဦးနှင့် ဇွန်လ ၁၇ ရက်က ၁၁ ဦးသေဆုံးခဲ့သည်ဟု သိရသည်။

 

ထို့အပြင် လွန်ခဲ့သောသုံးရက်အတွင်း  လူပေါင်း ၄၀၀ ထက်မနည်း ဘာလ်လီယာခရိုင်ရှိဆေးရုံတွင် ဆေးရုံတက်ကုသမှုခံယူရကြောင်း၊ ၎င်းလူနာများသည် ဖျားနာခြင်း၊ အသက်ရှုကျပ်ခြင်းနှင့် အခြားကျန်းမာရေးဆိုင်ရာဝေဒနာများခံစားရကြောင်း ဖော်ပြထားသည်။

 

အစိုးရဆေးရုံတွင် လူနာများနှင့် ဆေးရုံဝန်ထမ်းများ အပူဒဏ်မှကာကွယ်နိုင်ရန်အတွက် ပန်ကာများ၊ အဲကူလာများနှင့် လေအေးပေးစက်များ ကြိုတင်စီစဉ်ထားသည်ဟု ခရိုင်အာဏာပိုင်များ၏ပြောကြားချက်အရ သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို