အောက်တိုဘာ ၁၅
အိန္ဒိယနိုင်ငံ အနောက်ပိုင်းရာဂျက်စ်တန် ပြည်နယ်တွင် ဘတ်စ်ကားတစ်စီးမီးလောင်မှုဖြစ်ပွားပြီး နောက် လူ ၂၀ ထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။
အဆိုပါဘတ်စ်ကားသည် ထိုပြည်နယ်၏ မြို့တော်ဂျေပါ ၏အနောက်ဘက် ၅၄၈ ကီလိုမီတာအကွာ ဂျေဆာလ်မာခရိုင်ရှိ ထိုင်းရတ်ကျေးရွာအနီး လမ်းမပေါ်တွင် မောင်းနှင်နေစဉ် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ခရီးသည် ၅၇ ဦး တင်ဆောင်လာသည့် ယင်းဘတ်စ်ကား၏ အနောက်ဘက်ခြမ်းမှ မီးခိုးငွေ့များ ထွက်ပေါ်နေချိန်တွင် ယာဉ်မောင်းက ဘတ်စ်ကားကို ရပ်တန့်လိုက်သော်လည်း ဘတ်စ်ကားမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ယာဉ်ပေါ်ပါ ခရီးသည်များ ပိတ်မိသွားခဲ့ကြောင်းနှင့် ဒဏ်ရာရသူအချို့သည် အခြေအနေစိုးရိမ်ရကြောင်း တာဝန်ရှိသူများက ပြောကြားသည်။
မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို ချက်ချင်းမသိရှိရသေးသော်လည်း ထိုယာဉ်အတွင်းမှ ဝါယာရှောခ့်ဖြစ်ကာ မီးလောင်မှုဖြစ်ပွားခြင်းဖြစ်နိုင်သည်ဟု ရဲတပ်ဖွဲ့က ယူဆထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


