ဇူလိုင် ၂၈

အိန္ဒိယနိုင်ငံတောင်ပိုင်း တီလန်ဂါနာပြည်နယ်တွင် မိုးစံချိန်တင်ရွာသွန်းမှုကြောင့် လူခြောက်ဦးထက်မနည်းသေဆုံးပြီး အခြား ၁၂ ဦး ရေစီးဖြင့်မျောပါသွားကြောင်း ဒေသတွင်းမီဒီယာက ယနေ့တွင် ပြောကြားသည်။

ထိုပြည်နယ်ရှိ  မူလူဂူခရိုင်တွင် မိုးရေချိန် ၆၄ ဒသမ ၉၈ စင်တီမီတာဖြင့် အမြင့်မားဆုံးဖြစ်ပြီး ခရိုင်အများအပြားတွင် ယမန်နေ့က မိုးစံချိန်တင်ရွာသွန်းခဲ့သည်။

အဆိုပါမိုးနှင့်ဆက်စပ်သည်ဖြစ်ရပ်များကြောင့် ခြောက်ဦးသေဆုံးခဲ့ပြီး အခြား ၁၂ ဦး ရေစီးနှင့်မျောပါသွားသည်ဟု နိုင်ငံပိုင် အောအိန္ဒိယရေဒီယိုက ယနေ့တွင် ထုတ်လွှင့်သွားသည်။

မူလူဂူ၊ ခမ်မမ်၊ ကိုတာဂူဒမ်နှင့် ကာရင်နာဂါခရိုင်များရှိ ဒါဇင်နှင့်ချီသောကျေးရွာများ ရေလွှမ်းမိုးခြင်းခံရသည်။ ထိုပြည်နယ်တစ်ဝန်းရှိ နားခိုရေးစခန်းများတွင် လူ ၁၁၀၀၀ နီးပါး နေထိုင်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

တီလန်ဂါနာပြည်နယ်တွင် လွန်ခဲ့သောရက်များအတွင်း မိုးအဆက်မပြတ်ရွာသွန်းခဲ့သဖြင့် ယင်းပြည်နယ်အတွင်းရှိ စာသင်ကျောင်းများ၊ ကောလိပ်များနှင့် ပညာရေးဆိုင်ရာတက္ကသိုလ်များကို ဇူလိုင်လ ၂၆ ရက်ကစတင်ကာပိတ်ထားခဲ့ရကြောင်း ဖော်ပြထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို