ဇွန် ၂၃

 

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တရာခန်ပြည်နယ်တွင် ယမန်နေ့က ကားတစ်စီး ချောက်နက်ထဲသို့ထိုးကျခဲ့သဖြင့် လူ ၁၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ပြောကြားသည်။

 

အဆိုပါယာဉ်မတော်တဆမှုသည် ဥတ္တရာခန်ပြည်နယ်မြို့တော် ဒီဟရာဒန်၏အရှေ့ဘက် ၄၄၁ ကီလိုမီတာအကွာ ပီသိုရာဂတခရိုင် မူစီရာရီမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

ထိုကားပေါ်တွင် ယာဉ်မောင်းတစ်ဦးအပါအဝင် ၁၀ ဦးလိုက်ပါလာကြောင်းနှင့် ယင်းဒေသရှိ တောင်ထူထပ်သောလမ်းမှဘီးချော်ကာ ပေ ၆၀၀ အနက်ရှိသော ချောက်နက်ထဲသို့ ထိုးကျခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

 

ကားပေါ်ရှိအမျိုးသားကိုးဦးနှင့် အမျိုးသမီးသမီးတစ်ဦးတို့အားလုံး သေဆုံးခဲ့သည်ဟု သဘာဝဘေးစီမံခန့်ခွဲရေးရုံး၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

 

ယာဉ်မတော်တဆမှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူများသည် ဘာဂတ်ဝါခရိုင်ရှိ ဟိန္ဒူဘုရားကျောင်းသို့ ဝတ်ပြုဆုတောင်းရန် သွားရောက်ကြခြင်းဖြစ်သည်။

 

ထိုဒေသတွင် ညလုံးပေါက်သည်းထန်စွာရွာသွန်းခဲ့သောမိုးကြောင့် လမ်းချော်ကာ ယာဉ်မတော်တဆမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 

ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို