ဇွန် ၁၃
အိန္ဒိယနိုင်ငံအရှေ့ပိုင်း အနောက်ဘန်ဂေါပြည်နယ်တွင် ကြက်ငှက်တုပ်ကွေးရောဂါလူသားသို့ကူးစက်ဖြစ်ပွားမှုကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အတည်ပြုကြောင်း တာဝန်ရှိသူများက ယမန်နေ့ကပြောကြားသည်။
H9N2 ဗိုင်းရပ်စ်ကြောင့် ကြက်ငှက်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှုကို အနောက်ဘန်ဂေါရှိ အသက်လေးနှစ်အရွယ် ကလေးတစ်ဦးတွင် စစ်ဆေးတွေ့ရှိခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ပြောကြားချက်အရ သိရှိရသည်။
အဆိုပါကလေးငယ်သည် ဆေးရုံတွင် သုံးလကြာ ကုသမှုခံယူပြီးနောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာကြောင်းနှင့် ဆေးရုံမှဆင်းသွားပြီဖြစ်ကြောင်း ဖော်ပြထားသည်။ ထိုကြက်ငှက်တုပ်ကွေးရောဂါကူးစက်ဖြစ်ပွားမှုသည် အိန္ဒိယနိုင်ငံတွင် ဒုတိယမြောက်ဖြစ်ပြီး ၂၀၁၉ ခုနှစ်က ကြက်ငှက်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ပထမဆုံးတွေ့ရှိခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို