အိန္ဒိယနိုင်ငံ၌ ကမ္ဘာ့အကြီးကျယ်ဆုံး အထွေထွေရွေးကောက်ပွဲ ဧပြီ ၁၉ ရက်တွင် စတင်မည်

နယူးဒေလီ၊ မတ် ၁၈

 

အိန္ဒိယနိုင်ငံ၌ မဲပေးပိုင်ခွင့်ရှိသူ တစ်ဘီလီယံနီးပါးရှိသော ကမ္ဘာ့အကြီးကျယ်ဆုံး အထွေထွေရွေးကောက်ပွဲကို လာမည့် ဧပြီ ၁၉ ရက်တွင်  စတင်သွားမည်ဖြစ်ကြောင်း နိုင်ငံတကာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မဲပေးဆောင်ရွက်ခြင်းကို ရက်သတ္တခြောက်ပတ်အတွင်း အဆင့်လိုက် ကျင်းပသွားမည်ဖြစ်ကြောင်းနှင့် ဆန္ဒမဲအားလုံးကို ဇွန် ၄ ရက်တွင် ရေတွက်သွားမည်ဖြစ်ကြောင်း အိန္ဒိယရွေးကောက်ပွဲကော်မရှင် က မတ် ၁၆ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံတစ်ဝန်းရှိ မဲရုံပေါင်း တစ်သန်းကျော်တွင် ပြည်သူ သန်း ၉၆၀ ကျော်က ဆန္ဒမဲပေးသွားမည် ဖြစ်သည်။  ယခင် ၂၀၁၉ အထွေထွေရွေးကောက်ပွဲတွင် အာဏာရ  Bharatiya  Janata Party – BJP (ဘာရတီယဇနတာပါတီ-ဘီဂျေပီ) က  အမတ်နေရာအများစုကို အနိုင်ရရှိခဲ့သည်။  ဘီဂျေပီပါတီ ကို  ဝန်ကြီးချုပ် မိုဒီက ဦးဆောင်ကြောင်း သိရသည်။

အိန္ဒိယမီဒီယာအများအပြား၏ နောက်ဆုံးနမူနာစစ်တမ်းများတွင် ဝန်ကြီးချုပ် မိုဒီ၏ ပါတီက လွှတ်တော် အမတ်နေရာအများစုကို အနိုင်ရရှိဖွယ်ရှိကြောင်း ဖော်ပြထားသည်။ အတိုက်အခံပါတီများက မိုဒီကို ဝေဖန်တိုက်ခိုက်မှုများ အရှိန်မြှင့် လုပ်ဆောင်လျက်ရှိသည်။ ၎င်းအစိုးရအုပ်ချုပ်မှု အောက်တွင် စီးပွားရေးဆိုင်ရာ မမျှတမှုများ ပိုမို နက်ရှိုင်းလာကြောင်း ၎င်းတို့က ပြောသည်။ 

အင်န်အိတ်ချ်ကေ