အိန္ဒိယနိုင်ငံ၌ လေ့ကျင့်ပျံသန်းရေးလေယာဉ်ပျက်ကျမှု ဖြစ်ပွားသဖြင့် နှစ်ဦးဒဏ်ရာရ

အောက်တိုဘာ ၂၄

အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရတ်ရှ်ထရာပြည်နယ်တွင် ယမန်နေ့က လေ့ကျင့်ပျံသန်းရေးလေယာဉ် ပျက်ကျမှုဖြစ်ပွား ခဲ့ပြီးနောက် နည်းပြတစ်ဦးနှင့် သင်တန်းသားလေယာဉ်မှူးတစ်ဦးတို့ ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။

အဆိုပါ လေ့ကျင့်ပျံသန်းရေးလေယာဉ်သည် မဟာရတ်ရှိထရာပြည်နယ်၏ မြို့တော် Mumbai ၏ အရှေ့တောင်ဘက် ၂၄၅ ကီလိုမီတာအကွာခန့်ရှိ ပူနီခရိုင် ဂိုဂျူဘာဗီကျေးရွာအနီးတွင် ပျက်ကျမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Redbird လေကြောင်းသင်တန်းကျောင်းက ပိုင်ဆိုင်သော လေ့ကျင့်ပျံသန်းရေး လေယာဉ်ပျက်ကျမှုကြောင့် နှစ်ဦး ဒဏ်ရာရရှိခဲ့ရာ ၎င်းဒဏ်ရာရရှိသူ နှစ်ဦးကို နီးစပ်ရာဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် ၎င်းတို့၏ ကျန်းမာရေးအခြေအနေ စိုးရိမ်ဖွယ်ရာ မရှိကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

ယင်းဖြစ်ရပ်သည် မကြာသေးမီရက်များအတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အောက်တိုဘာ ၁၉ ရက်နေ့က ထိုလေ့ကျင့်ပျံသန်းရေးသင်တန်းကျောင်းမှ လေ့ကျင့်ပျံသန်းရေးလေယာဉ်တစ်စင်းသည် အလားတူလေ့ကျင့်ပျံသန်းနေစဉ်အတွင်း ပူနီခရိုင် ကတ်ဖယ်လ်ကျေးရွာအနီး ပျက်ကျမှုဖြစ်ပွားခဲ့ရာ လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့ ဒဏ်ရာရရှိခဲ့သည်။

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက လေယာဉ်ပျက်ကျမှုနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုများ လုပ်ဆောင်ရန် ညွှန်ကြားထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို