နယူးဒေလီ ဇွန် ၁၂
ယာဉ်ပေါ်၌ လေယာဉ်မှူးနှစ်ဦးနှင့် လေယာဉ်အမှုထမ်း ၁၀ ဦးအပါအဝင် လူ ၂၄၂ ဦး လိုက်ပါပြီး လန်ဒန်သို့ ပျံသန်းသည့် အဲအိန္ဒိယလေယာဉ်တစ်စင်းသည် ဇွန် ၁၂ ရက်တွင် အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်အနောက်ပိုင်း လေဆိပ်တစ်ခုမှ ပျံတက်ပြီး မကြာမီ ပျက်ကျမှုဖြစ်ပွားခဲ့ကြောင်း အာဏာပိုင်များက ပြောကြားသည်။
လေယာဉ်ပျက်ကျမှုကြောင့် လူအများအပြားအသက်ဆုံးရှုံးခဲ့ရကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဌာန က ပြောကြားသည်။
အဆိုပါ လေယာဉ်သည် ဂူဂျာရတ်ပြည်နယ် ဂန်ဒီနာဂါမြို့၏ တောင်ဘက် ၁၇ ကီလိုမီတာခန့် အကွာ အမီဒါဘတ်မြို့ ဆာဒါဗလာဘီဘက် ပက်တယ် အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာ ခြင်းဖြစ်ကြောင်း သိရသည်။
ဘိုးရင်း ၇၈၇-၈ လေယာဉ်သည် ဒေသစံတော်ချိန် ၁၃ နာရီ ၃၈ မိနစ်က အမီဒါဘတ်မြို့မှ ထွက်ခွာခြင်းဖြစ်ပြီး လေယာဉ်အမှုထမ်းများနှင့် ခရီးသည် ၂၄၂ ဦး တင်ဆောင်လာကြောင်း အဲအိန္ဒိယလေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။ လေယာဉ်ပေါ်လိုက်ပါသူများအနက် အိန္ဒိယ နိုင်ငံသား ၁၆၉ ဦး၊ ဗြိတိန်နိုင်ငံသား ၅၃ ဦး၊ ကနေဒါ နိုင်ငံသားတစ်ဦးနှင့် ပေါ်တူဂီနိုင်ငံသား ခုနစ်ဦးတို့ဖြစ်ကြောင်း အဆိုပါလေကြောင်းလိုင်းက ပြောကြားသည်။
အဲအိန္ဒိယလေကြောင်းလိုင်းက ယခုလိုဆိုးရွားသည့် ဖြစ်ရပ်များကြောင့် ထိခိုက်နစ်နာသူ အားလုံး၏ မိသားစုများအတွက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့သည်။
အဆိုပါလေယာဉ်သည် ဆရာဝန်များ၏ တည်းခိုဆောင်ပေါ်သို့ ပျက်ကျခဲ့ခြင်းဖြစ်ကြောင်းရဲတပ်ဖွဲ့က ပြောကြားသည်။ လေယာဉ်ပျက်ကျပြီးနောက် ချက်ချင်း အာဏာပိုင်များက ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ဆောင်ရန် အခင်းဖြစ်ပွားရာနေရာသို့ လူနာတင်ယာဉ် နှစ်ဒါဇင်ကျော် စေလွှတ်ခဲ့ ကြောင်း အာဏာပိုင်များက ပြောကြားသည်။ လေယာဉ်ပျက်ကျမှုကြောင့် အသက်ရှင်ကျန်ရစ်သူ မရှိကြောင်း ဒေသဆိုင်ရာမီဒီယာများက ပြောကြားသည်။
ဆင်ဟွာ