ဇူလိုင် ၂၀
အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း နာဂလန်းပြည်နယ် မွန်ခရိုင်တွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုများ ဖြစ်ပွားကာ ကလေးငယ်များနှင့် အမျိုးသမီးများ အပါအဝင် လူ ရှစ်ဦးထက်မနည်း သေဆုံးပြီး ၁၅ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်အကြီးတန်းတာဝန်ရှိတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။
သေဆုံးသူ ရုပ်အလောင်း လေးလောင်းကို ပြန်လည်ရှာဖွေတွေ့ရှိခဲ့သော်လည်း ကျန်ရှိနေသော ရုပ်အလောင်းများကို ရှာဖွေရန် လုပ်ဆောင်လျက်ရှိကြောင်းနှင့် ဒဏ်ရာရရှိသူများကို ဒေသခံဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဖော်ပြထားသည်။
နာဂလန်းဒေသတွင် နှစ်ပေါင်းများစွာ မိုးရွာသွန်းမှု ကြုံတွေ့ရပြီး အိမ်ခြေ ၄၀ ကျော် ရေထဲမျောပါသွားခဲ့ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုပမာဏကို အကဲဖြတ်နေဆဲဖြစ်ကြောင်း မွန်ခရိုင်၏ ဒုတိယကော်မရှင်နာ ဝမ်နီကွန်ယက်က ပြောကြားခဲ့သည်။
မြေပြိုမှုများသည် မနက် ၆ နာရီဝန်းကျင်တွင် စတင်ဖြစ်ပွားကာ တစ်နေ့လုံး ဆက်လက်ဖြစ်ပွားခဲ့သည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို


