ဇန်နဝါရီ ၂၅

အိန္ဒိယနိုင်ငံတောင်ပိုင်းတမီးလ်နာဒူပြည်နယ်တွင် ယမန်နေ့က မီးရှူးမီးပန်းစက်ရုံ၌ ပေါက်ကွဲမှုဖြစ်ပွားသဖြင့် နှစ်ဦးသေဆုံးပြီး အခြားသုံးဦး ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။

အဆိုပါမီးရှူးမီးပန်းစက်ရုံပေါက်ကွဲမှုသည် တမီးလ်နာဒူပြည်နယ် မြို့တော် ချန်နိုင်း၏အနောက်တောင်ဘက် ၅၁၉ ကီလိုမီတာအကွာခန့်ရှိ ဗာရတ်နာဂါခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုစက်ရုံပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသေဆုံးသူများသည် စက်ရုံအလုပ်သမားများဖြစ်သည်ဟု သိရသည်။ ယင်းဒဏ်ရာရရှိသူများကို ဒေသတွင်းဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ မီးသတ်တပ်ဖွဲ့များနှင့် ကယ်ဆယ်ရေးအဖွဲ့များသည် ပေါက်ကွဲမှုဖြစ်ပွားရာနေရာသို့ရောက်ရှိလာပြီး မီးများငြှိမ်းသတ်ကာ ဒဏ်ရာရရှိသူများကို ကူညီကယ်ဆယ်မှုများလုပ်ဆောင်ပေးခဲ့ကြသည်။ မီးရှူးမီးပန်များပြုလုပ်နေစဉ် မီးရှူးမီးပန်းပြုလုပ်သည့် ပစ္စည်းများပွတ်တိုက်ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်နိုင်သည်ဟု ယူဆရကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။ အိန္ဒိယနိုင်ငံရှိ မီးရှူးမီးပန်းစက်ရုံများနှင့် အရောင်းဆိုင်ပိုင်ရှင်များသည် ဘေးကင်းလုံခြုံမှုစံနှုန်းများကို လိုက်နာကျင့်သုံးခြင်းမရှိသဖြင့် ထိုစက်ရုံများနှင့်ဈေးဆိုင်များတွင် မတော်တဆပေါက်ကွဲမှုများ အများဆုံးဖြစ်ပွားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို