ဇူလိုင် ၂၀
အိန္ဒိယနိုင်ငံအနောက်တောင်ပိုင်း မဟာရတ်ထရာပြည်နယ် ရိုင်ဂတ်ခရိုင်တွင် ယမန်နေ့ညနှောင်းပိုင်းက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေပြိုမှုဖြစ်ပွားသဖြင့် ငါးဦးထက်မနည်းသေဆုံးပြီး အများအပြားပိတ်မိခဲ့ကြောင်း ဒေသတွင်းမီဒီယာက ယနေ့တွင် ဖော်ပြထားသည်။
အဆိုပါမြေပြိုမှုဖြစ်ပွားသည့်ဒေသတွင် နေအိမ် ၄၆ လုံးနီးပါးရှိပြီး မိသားစု ၃၀ ကျော် ပိတ်မိနေဆဲဖြစ်သည်ဟု သိရသည်။
လက်ရှိအချိန်အထိ လူ ၁၀၀ နီးပါးပိတ်မိနေဆဲဖြစ်ပြီး လူ ၇၀ နီးပါး ကယ်ဆယ်နိုင်ခဲ့ကြောင်း ထပ်လောင်းဖော်ပြထားသည်။
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာတုံ့ပြန်ရေးအဖွဲ့( အင်န်ဒီအာအက်ဖ် )သည် ရှာဖွေရေးနှင့်ကယ်ဆယ်ရေး လုပ်ငန်းလုပ်ဆောင်ရန် မြေပြိုမှုဖြစ်ပွားရာနေရာသို့သွားရောက်ခဲ့သည်ဟု ထိုအဖွဲ့၏ အကြီးတန်းအရာရှိ၏ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။
ထိုပြည်နယ်ရှိ နေရာအများအပြားတွင် မိုးအဆက်မပြတ်သည်းထန်စွာရွာသွန်းသဖြင့် အိန္ဒိယမိုးလေဝသဌာနက အနီရောင်သတိပေးချက် ထုတ်ပြန်ကြေညာထားသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို