အိန္ဒိယနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ ၁၈ ဦး ထက်မနည်းသေဆုံး

နယူးဒေလီ အောက်တိုဘာ ၁၈

 

အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်၌ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုနှင့်ရေကြီး ရေလျှံမှုများ ဖြစ်ပွားခဲ့ပြီးနောက် လူ ၁၈ ဦးထက် မနည်း သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာမီဒီယာများက ယနေ့ဖော်ပြထားသည်။

 

ယမန်နေ့က စတင်ဖြစ်ပွားသည့် အဆိုပါ မိုးရွာသွန်းမှုကြောင့် ပြည်နယ်၏ဒေသ အများ အပြားတွင် ရေကြီးရေလျှံမှုနှင့် မြေပြိုမှုများ ဖြစ်ပွားပြီး လက်ရှိအချိန်အထိလူ၁၈ ဦးထက်မနည်း သေဆုံးကာ အများအပြား ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ဟိန္ဒူစတန်သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။

 

အိန္ဒိယနိုင်ငံ၏ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့သည်ဒေသဆိုင်ရာကူညီကယ်ဆယ်ရေး အေဂျင်စီများနှင့်ပူးပေါင်းပြီး အခင်းဖြစ်ပွားသည့် နေရာများတွင် ကယ်ဆယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

 

တစ်ချိန်တည်းမှာပင် ကီရာလာပြည်နယ် ဝန်ကြီးချုပ် ပင်နာရာယီဗီဂျေယန်က ကူညီ ကယ်ဆယ်ရေးလုပ်ငန်းကို အရှိန်အဟုန်မြှင့် လုပ်ဆောင်ပြီး ရေဘေးသင့်ပြည်သူများအား ရေလွတ်ရာသို့ ပြောင်းရွှေ့ပေးရန် အစိုးရအေဂျင်စီများကို ညွှန်ကြားခဲ့သည်။

 

ရေဘေးသင့်ဒေသများတွင် ကယ်ဆယ်ရေး စခန်းများကို စတင်ဖွင့်လှစ်နေပြီဖြစ်၍ ပြည်သူများအနေဖြင့် ကယ်ဆယ်ရေး စခန်းထဲတွင် ကျန်းမာရေးကို ဂရုစိုက်ရန်လိုအပ်သလို နှာခေါင်းစည်းများ ဝတ်ဆင်ခြင်းနှင့် လူတစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာ နေထိုင်ခြင်းကို ထိန်းသိမ်းခြင်းအားဖြင့် ကိုဗစ်-၁၉ ရောဂါကို သတိပြုကြရန်လည်း လိုအပ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ်က ထပ်လောင်းပြောကြားသည်။

ကိုးကား - ဆင်ဟွာ

ဘာသာပြန် - ဂျေတီ