နိုဝင်ဘာ ၂၃

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးလ်နာဒူ၊ ကီရာလာနှင့် ပတ်ဒူချာရီ ပြည်နယ်တို့ရှိ အချို့သောဒေသများတွင် လွန်ခဲ့သောရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သာမန်ဘဝသွားလာလှုပ်ရှားရာတွင် အနှောင့်အယှက်များဖြစ်ပေါ်စေခဲ့ကြောင်း အိန္ဒိယမိုးလေဝသဌာနက ယနေ့တွင် ပြောကြားသည်။

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဖြစ်ပွားသဖြင့် တမီးလ်နာဒူပြည်နယ်ရှိ ခရိုင်ငါးခုထက်မနည်းတွင် စာသင်ကျောင်းများပိတ်ထားရသည်။ ထိုပြည်နယ်နှင့်အိမ်နီးချင်း ပတ်ဒူချာရီပြည်နယ်တွင် မိုးများ အချိန်အတော်ကြာသည်းထန်စွာ ရွာသွန်းခြင်းကြောင့် အလားတူရေကြီးရေလျှံမှု ဖြစ်ပွားသဖြင့် စာသင်ကျောင်းများ ပိတ်ထားရသည်။

ယခုသီတင်းပတ်လာမည့်ရက်အနည်းငယ်အတွင်း ယင်းဒေသများတွင် မိုးရွာသွန်းမှုများထပ်မံဖြစ်ပေါ်နိုင်သည်ဟု မိုးလေဝသဌာနက ကြိုတင်ခန့်မှန်းထားသည်။ တမီးလ်နာဒူ၊ ပတ်ဒူချာရီနှင့် ကာရီကယ်၊ ကီရာလာပြည်နယ်အတွင်း သီးခြားနေရာများတွင် အလွန်အမင်းမိုးသည်းထန်စွာရွာသွန်းမှု စံချိန်တင်ခဲ့သည်ဟု မိုးလေဝသဌာနကပြောကြားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို