နယူးဒေလီ ၁၈ ဇူလိုင်
အိန္ဒိယနိုင်ငံရှိ ပြည်သူ၁၂၅ သန်းကျော်ကို ဇူလိုင် ၁၆ ရက်တွင် အစိုးရက အဝင် အထွက် ကန့်သတ်ပိတ်ဆို့မှု အသစ်တစ်ဖန် ပြန်လည်ချမှတ်လိုက် ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်- ၁၉ ကူးစက်မှုနှုန်း မြင့်တက်လာမှုကို ထိန်းချုပ်နိုင်ရေးအတွက် အာဏာပိုင်များက ခက်ခက်ခဲခဲ ကြိုးပမ်းနေရပြီး အမေရိကမှ အာရှနိုင်ငံများအထိ ကသောင်းကနင်း အခြေအနေများ ဖြစ်ပေါ်လျက်ရှိချိန်တွင် အိန္ဒိယနိုင်ငံ က ထိုသို့လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ကူးစက်ဖြစ်ပွားမှု ၁၃ ဒသမ ၄ သန်း အထိရှိလာပြီး သေဆုံးသူ အရေအတွက်မှာ ၅၈၁၀၀၀ အထိ ရှိလာပြီဖြစ်သည်။ အမေရိကတောင်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် ရောဂါကူးစက်မှု အဆိုးဆုံး ထိခိုက်ခံစားရသည့်နေရာများဖြစ်သည်။
အိန္ဒိယနိုင်ငံတွင် တစ်ရက်အတွင်း လူ ၆၀၀ ကျော်အထိ သေဆုံးမှု မြင့်တက်လာခဲ့ကာ နီပေါနိုင်ငံနှင့် ထိစပ်နေသည့် ဘီဟာပြည်နယ်ရှိ ပြည်သူ ၁၂၅ သန်းတို့ကို ဇူလိုင် ၁၆ ရက်မှစတင်ကာ ၁၅ ရက်ကြာ အဝင် အထွက် ကန့်သတ်ပိတ်ဆို့မှု ချမှတ်ခဲ့သည်။
အိန္ဒိယနိုင်ငံ တောင်ပိုင်း နည်းပညာအချက်အချာနေရာ ဖြစ်သည့် ဘန်ဂလာနှင့် ဂိုလာကမ်းခြေ ခရီးသွား ဒေသတို့တွင် ယခုရက် သတ္တပတ်အစောပိုင်းက ကိုဗစ်- ၁၉ ဆိုင်ရာ ကန့်သတ်ချက်အသစ်များ ချမှတ်ခဲ့သည်။
နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ကြီး က တောင်အာရှဒေသကိုကိုဗစ်- ၁၉ ဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့ရာ နောက်ထပ် ဗဟိုချက်မတစ်ခု ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့သည်။
ဘန်ကောက်ပို့စ်