အောက်တိုဘာ ၆

အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက် တောင်ကုန်းထူထပ်သောဒေသတွင် မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ပြီး လူ ၁၄ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း မီဒီယာကဖော်ပြထားသည်။

အဆိုပါရေကြီးရေလျှံမှုကြောင့် လူ ၁၀၀ ကျော် ပျောက်ဆုံးလျက်ရှိသည်ဟု သိရသည်။ Sikkim ပြည်နယ်တွင် အောက်တိုဘာ ၃ ရက်က မိုးသည်းထန်စွာရွာသွန်းခဲ့ရာ မြစ်ကြောင်းတစ်လျှောက် ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည်။

လမ်းများပြိုကျပြီး အဆောက်အအုံများ ရေလွှမ်းမိုးခံရပုံကို ဗွီဒီယိုဖိုင်တစ်ခုတွင် ပြသထားသည်။  ဒေသခံတစ်ဦးက ၎င်း၏နေအိမ်နှင့် ပိုင်ဆိုင်သောအရာအားလုံး ရေစီးနှင့်မျောပါသွားသည်ဟုဆိုသည်။ လမ်းများပျက်စီးသွားကာ ယာဉ်အသွားအလာများ ပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။

စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များသည် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများလုပ်ဆောင်လျက်ရှိသည်။ ဝန်ကြီးချုပ် နာရန်ဒရာမိုဒီက ရေဘေးသင့်ဒေသများသို့အကူအညီများတတ်နိုင်သမျှပေးအပ်သွားမည်ဟု ဆိုသည်။

ထိုဒေသရှိမိုးလေဝသတာဝန်ရှိသူများက မိုးရွာသွန်းမှုနှင့်ရေကြီးရေလျှံမှုများထပ်မံဖြစ်ပွားနိုင်သဖြင့် သတိဖြင့်နေထိုင်ကြရန် ဒေသခံများအား အကြံပြုပြောကြားထားသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို