ဇူလိုင် ၂
အိန္ဒိယနိုင်ငံမြောက်ပိုင်းဟီမာချယ်ပရာဒက်ပြည်နယ်တွင် မိုးသက်မုန်တိုင်းများ တိုက်ခတ်ပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားပြီးနောက် ၁၀ ဦးထက်မနည်းသေဆုံးပြီး အခြား ၃၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူများက ယနေ့တွင် ပြောကြားသည်။
ဟီမာချယ်ပရာဒက်ပြည်နယ်မြို့တော် ရှင်းမ်လာ၏မြောက်ဘက် ၁၃၃ ကီလိုမီတာအကွာခန့်ရှိ မန်ဒီခရိုင်သည် ရေကြီးမှုအဆိုးရွားဆုံးဒေသဖြစ်သည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း မန်ဒီခရိုင်တွင် ၁၀ ဦး သေဆုံးပြီး ၃၄ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း၊ ငါးဦးထိခိုက်ဒဏ်ရာရရှိပြီး ၁၂ ဦး သောင်တင်နေဆဲဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် မြေပြိုမှုများနှ၍့်ရေကြီးမှုများဖြစ်ပွားခဲ့ရာ လမ်းမများပိတ်ဆို့မှုဖြစ်ပွားခဲ့သည်။
အဆိုပါဒေသများတွင် အာဏာပိုင်များက ရှာဖွေရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများ စတင်လုပ်ဆောင်ခဲ့သည်။ ထိုဒေသများမှ လူပေါင်း ၃၇၀ ကို ကယ်ဆယ်နိုင်ခဲ့သည်ဟု တာဝန်ရှိသူများကဆိုသည်။
ဇွန် ၂၀ မှ ဇူလိုင် ၁ ရက်နေ့အတွင်း မုတ်သုံမိုးများရွာသွန်းမှုကြောင့် ၅၁ ဦး သေဆုံးပြီး အခြား ၁၀၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင်လ ၇ ရက်နေ့အထိ မိုးသည်းထန်ရွာသွန်းမှုများ ဆက်လက်ဖြစ်ပွားနိုင်သည်ဟု မိုးလေဝသဌာနက ကြိုတင်ခန့်မှန်းထားပြီး အဝါရောင်သတိပေးချက် ထုတ်ပြန်ထားသည်ဟု သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို