၁၁ နိုဝင်ဘာ

 

 

အိန္ဒိယနိုင်ငံ အနောက်တောင်ပိုင်း ရာဂျာစသန်ပြည်နယ်၌ ဆောက်လုပ်ဆဲ အဆောက်အအုံ တစ်ခု၏ ခေါင်မိုးပြိုကျခဲ့ရာ အလုပ်သမား ရှစ်ဉီး သေဆုံးခဲ့ပြီးနောက် အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ယနေ့ ပြောကြားခဲ့သည်။ 

 

 

အိမ်ခေါင်မိုး ပြိုကျမှုမှာ ရာဂျာစသန်ပြည်နယ်၏ မြို့တော် ဂျိုင်ပူမြို့၏ အနောက်ဘက် ၃၅၆ ကီလိုမီတာရှိ ဒေါ့ဂျ်ပူခရိုင်တွင် အင်္ဂါနေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

 

 

ပြီးခဲ့သည့် ညနေပိုင်းက ဘာဆန်နီ စက်မှုဇုန် အတွင်းရှိ ဆောက်လုပ်ဆဲ အဆောက်အအုံ၏ ခေါင်မိုးပြိုကျခဲ့ခြင်း ဖြစ်သည်။ 

 

 

လူရှစ်ဉီး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဉီးက ပြောကြားခဲ့သည်။

 

 

အဆောက်အအုံ ပြိုကျပြီးနောက် အပျက်အစီးများ အောက်တွင် ပိတ်မိနေသည့် အလုပ်သမားများကို ဆွဲထုတ်ရန် တာဝန်ရှိသူများက ရှာဖွေရေးနှင့် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်ခဲ့သည်။

 

 

အလုပ်သမားများ၏ သေဆုံးမှုအတွက် အလွန်ပင် ဝမ်းနည်းကြောင်း ပြည်နယ်ဝန်ကြီးချုပ်ဖြစ်သူ အရှော့ခ်ဂီလော့က ပြောကြားခဲ့သည်။

 

 

အခင်းဖြစ်ပွားချိန်တွင် အဆောက်အအုံအတွင်း အလုပ်သမား ၁၆ ဉီးကျော် ရှိနေကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

 

 

ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

 

 

မတော်တဆမှု ဖြစ်ပွားရသည့် အကြောင်းအရင်းကို မသိရှိရသေးပေ။

 

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မေဇော်ထက်