မေ ၁၇

အိန္ဒိယနိုင်ငံမြောက်ပိုင်း ဟာရာနာပြည်နယ်ရှိ စက်ရုံအတွင်း ဘွိုင်လာတစ်လုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက် အလုပ်သမားနှစ်ဦးသေဆုံးပြီး အခြား ၂၅ ဦး ဒဏ်ရာရရှိကြောင်း ရဲတပ်ဖွဲ့က ယမန်နေ့ကပြောကြားသည်။ အဆိုပါပေါက်ကွဲမှုသည် ဆိုနီပတ်ခရိုင် Kundli မြို့ရှိ စက်ရုံအတွင်းတွင် မေလ ၁၅ ရက်ညပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုပေါက်ကွဲမှုကြောင့် စက်ရုံအတွင်းအလုပ်လုပ်နေသော အလုပ်သမားနှစ်ဒါဇင်ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ဒဏ်ရာရရှိသူများကို ဆေးရုံသို့ချက်ချင်းပို့ဆောင်ပေးခဲ့ကြောင်းနှင့် ၎င်းတို့အားလုံး ဆေးကုသမှုခံယူလျက်ရှိကြောင်း ဖော်ပြထားသည်။  ဘွိုင်လာပေါက်ကွဲမှုကြောင့်  ၎င်းစက်ရုံအနီးရှိ အဆောက်အဦးများလည်း ပျက်စီးသွားခဲ့သည်။ ရဲတပ်ဖွဲ့က ပေါက်ကွဲမှုဖြစ်ပွားရသည့်အကြောင်းရင်းကိုသိရှိရန် စုံစမ်းစစ်ဆေးမှုလုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို