နေပြည်တော် ၃၀ ဇန်နဝါရီ 

 

နိုင်ငံခြားခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ လေကြောင်း၊ ရေကြောင်းများဖြင့်သာမက နယ်စပ်ဝင်ပေါက် ထွက်ပေါက်များမှတစ်ဆင့် လာရောက်လည်ပတ်လျက်ရှိရာ အိန္ဒိယနိုင်ငံသား (၁၆)ဦးသည် ကိုယ်ပိုင်မော်တော်ယာဉ်များဖြင့် ဇန်နဝါရီ (၂၁) ရက်တွင် တမူးနယ်စပ်ဝင်ပေါက်မှတစ်ဆင့် မြန်မာနိုင်ငံသို့ ၆ ရက်ကြာ လာရောက်ခဲ့ကြောင်း သိရသည်။

 

30.

 

ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုနှင့် Traventure Travels & Tours Co. Ltd ၏ စီစဉ်ဆောင်ရွက်မှုတို့ဖြင့် အိန္ဒိယနိုင်ငံသား (၁၆) ဦးသည် ကိုယ်ပိုင်မော်တော်ယာဉ် (၅)စီးဖြင့် ဇန်နဝါရီ ၂၁ ရက်နေ့မှ ၂၆ ရက်နေ့ထိ ၆ ရက်ကြာခရီးကို တမူး-ကလေး-မုံရွာ-ပုဂံ-မြဝတီ ခရီးစဉ်အတိုင်း လာရောက်လည်ပတ်ခဲ့ပြီး ထိုမှတစ်ဆင့် မြဝတီနယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံသို့ ဆက်လက်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။

 

ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်ရာ နိုင်ငံခြားခရီးသွားဧည့်သည်များ ပိုမိုဝင်ရောက် လာစေရန် ခရီးစဉ်ဒေသအသစ်များ ဖော်ထုတ်ခြင်းနှင့် ဘက်ပေါင်းစုံမှ ဖြေလျှော့ဆောင်ရွက်ပေးမှုများကြောင့် မြန်မာနိုင်ငံ၏ ထင်ရှားသောဒေသများသို့ စဉ်ဆက်မပြတ် လာရောက်လည်ပတ်လျက်ရှိကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ သိရသည်။

 

ဟန်လင်းနိုင်