နေပြည်တော် သြဂုတ် ၉

 

ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်ရေးကာလအတွင်း စားသုံးသူပြည်သူများ အခြေခံစားကုန်များကို သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် ဈေးနှုန်းအဆမတန် မြှင့်တင်ရောင်းချမှု မရှိစေရေးတို့အတွက် ဈေးကွက်အတွင်းရှိ ကုန်စည်များ၏ ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှု အခြေအနေများကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်လျက်ရှိပြီး ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေးလျက် ရှိပါကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။

 

ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual Zoom Meeting စနစ်ဖြင့် ကျင်းပသည့် အခြေခံစားသောက်ကုန်များ ဈေးကွက်လိုအပ်ချက် ဖူလုံအောင် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဈေးနှုန်းကြီးမြင့်မှု မရှိစေရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ခြင်းဖြစ် သည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်းအဝေးကို တက်ရောက်လာကြသော သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့ လုပ်ငန်းရှင်များအနေဖြင့် အခြေခံစားသောက်ကုန်များ ဈေးကွက် လိုအပ်ချက် ဖူလုံအောင်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဈေးနှုန်းကြီးမြင့်မှု မရှိစေရေးတို့အတွက် နိုင်ငံတော်ဘက်မှ ဖြေရှင်းဆောင်ရွက်ပေးရမည့် ကိစ္စရပ်များ၊ ကူညီပံ့ပိုးပေးရမည့် ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး၊ ဦးညွန့်အောင်နှင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ တွဲဘက်အတွင်းရေးမှူး ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ က  ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် တို့မှ စည်ပင်သာယာရေး ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဒေသအလိုက်၊ ကဏ္ဍအလိုက် ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။

 

မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့်ပဲစင်းငုံ ရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံသို့ မတ်ပဲနှင့် ပဲစင်းငုံများ စနစ်တကျ တင်ပို့သွားနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့် ကျင်းပသည်။

 

mdn

 

အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့်ဆန်းက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့်ပဲစင်းငုံရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၁ ခုနှစ်၊ ဇွန် ၁၈ ရက်တွင် နှစ်နိုင်ငံ အစိုးရများအကြား လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုမိမိတို့ အနေဖြင့် MoU အရ မတ်ပဲနှင့်ပဲစင်းငုံ တင်ပို့နိုင်ရေးအတွက် ပြည်တွင်းထုတ်လုပ်မှု၊ ဈေးကွက်အခြေအနေနှင့် ပဲတင်ပို့သူများ၏ အားသာချက်/ အားနည်းချက်များကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ရေး၊ ပဲတင်ပို့မှုအပေါ် နှစ်နိုင်ငံအကြား ပူးတွဲကြီးကြပ်ရေး ကော်မတီကို ဖွဲ့စည်းနိုင်ရေး၊ G to G MoU အရ တင်ပို့သည့် မတ်ပဲနှင့် ပဲစင်းငုံတင်ပို့မှုအား အခြားတင်ပို့မှုများ နှင့် ရောထွေးခြင်းမရှိစေဘဲ စနစ်တကျမှတ်သား၍ တင်ပို့သွားနိုင်ရေးနှင့် မတ်ပဲနှင့် ပဲစင်းငုံအား နှစ်စဉ် သတ်မှတ်တန်ချိန် ပြည့်မီအောင် တင်ပို့နိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်သွားရန် ဖြစ်ပါကြောင်း၊ ထို့အပြင် မြန်မာနိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သည့် ပဲမျိုးစုံအား စိုက်ဧက၊ ထုတ်လုပ်မှုနှင့် ပိုလျှံမှုတို့ကို ကြိုတင်ချိန်ဆ၍ ပြည်ပတင်ပို့မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ အိန္ဒိယဈေးကွက်အပြင် အခြားဈေးကွက်များကို ထိုးဖောက်ဝင်ရောက်နိုင်ရန်နှင့် ဈေးကွက်ခိုင်မာမှုရရှိစေရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးရန် မှာကြားသည်။

 

ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပဲမျိုးစုံအတွက် အဓိကဈေးကွက်ဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် G to G MoU ရေးထိုးနိုင်ခဲ့သည့်အတွက် မြန်မာ့ပဲစိုက်တောင်သူများအတွက် (၅) နှစ်စာ ဈေးကွက်ခိုင်မာမှု ရရှိစေပါကြောင်း၊ စိုက်ပျိုရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် တောင်သူများ GAP စနစ်ဖြင့် လိုက်နာကျင့်သုံး ဆောင်ရွက်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် ခေတ်မီနည်းပညာများ ဖြန့်ဝေပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ ပဲတင်ပို့မှုများ အတွက် Phytosanitary Certificate (PC) များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပေးလျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံသို့ G to G MoU ဖြင့် ပဲတင်ပို့သွားနိုင်ရေး လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။

 

ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်း ကုန်သည်များအသင်းမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

သတင်းစဉ်