ရန်ကုန်၊  ၂၂   ဇန်နဝါရီ

အိန္ဒိယအစိုးရက မြန်မာနိုင်ငံသို့ထောက်ပံ့သည့် Serum Institute of India(SII)မှ ထုတ်လုပ်သော ကိုဗစ် ကာကွယ်ဆေး ၁ ဒသမ ၅ သန်း ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာရာ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်ကြီး H.E. Shri Saurabh Kumar နှင့် တာဝန်ရှိသူများက လေဆိပ်တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာ ဇော်သန်းထွန်းထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်ရောဂါကာကွယ်ဆေးများသည် ပြည်သူခုနစ်သိန်းခွဲအတွက် လုံလောက်ပြီး လူတစ်ယောက်လျှင် နှစ်ကြိမ်ထိုးရမည် ဖြစ်သည်။ ပထမအကြိမ်ထိုးပြီးနောက် ၂၈ ရက်ကြာလျှင် နောက်တစ်ကြိမ် ထပ်မံထိုးရမည်ဖြစ်သည်။

 

ကိုဗစ်ရောဂါ ကာကွယ်ဆေးများကို ပထမဦးစားပေး ထိုးပေးရမည့်သူများမှာ ရှေးတန်း လုပ်ဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများ၊ နိုင်ငံကိုပုံမှန်ပြန်လည်၊ လည်ပတ်နိုင်ရန် ဆောင်ရွက်ရမည့် ပြည်သူများ၊ ရောဂါရရှိမှုလွယ်သည့် ရောဂါအခံနည်းသည့် ပြည်သူများ၊ အဓိကကျတဲ့ အစိုးရဝန်ထမ်းများ၊ stay at home မြို့နယ်များကို စနစ်တကျ စီမံဆောင်ရွက် ထိုးပေးသွားမည် ဖြစ်သည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ အစီရင်ခံသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။

 

အဆိုပါ ကိုဗစ်ရောဂါ ကာကွယ်ဆေးများအတွက် နိုင်ငံတော်က ငွေကျပ် ၁ ဘီလီယံ၊ သန်းတစ်ထောင် မ တည်ထားပြီး၊ စေတနာရှင်များ အလှူရှင်များက ၁၈ ဒသမ ၇၈၁ ဘီလီယံ ထည့်ဝင်လှူဒါန်းထားကြောင်း သိရှိရကာ ကိုဗစ်ကာကွယ်ဆေးများ မကြာမီ ဆက်လက် ရောက်ရှိလာမည်ဖြစ်ကြောင်း သိရှိရသည်။

အောင်မြင့်(ပြန်/ဆက်)