နယူးဒေလီ   ၁၈  မေ

အိန္ဒိယနိုင်ငံတစ်ဝန်း အသွားလာပိတ်ဆို့မှု (lockdown)ကို မေလကုန်အထိ တိုးမြှင့်ပြဋ္ဌာန်းလိုက်ကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ အသွားအလာပိတ်ဆို့မှု အချိန်တိုးမြှင့်ခဲ့ပေမယ့် နိုင်ငံ့စီးပွားရေးအတွက် တစ်ချို့လုပ်ငန်းတွေကို ဖွင့်ခွင့်ပေးထားမယ်လို့ သိရပါတယ်။

 

အသွားလာပိတ်ဆို့မှု ရက်တိုးခဲ့တာဟာ လေးကြိမ်မြောက်ရှိပြီဖြစ်ပါတယ်။

 

လူဦးရေ ၁ ဒသမ ၃ ဘီလီယံရှိတဲ့ အိန္ဒိယနိုင်ငံမှာ မတ်လကုန်ပိုင်းကစပြီး အသွားအလာပိတ်ဆို့မှု စတင်ခဲ့ရာ ဆင်းရဲသားတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေပေါ် ထိခိုက်မှုရှိခဲ့ပါတယ်။ အလုပ်သမား သန်း ၁၂၀ အလုပ်လက်မဲ့ ဖြစ်ကုန်ကြောင်း သိရပါတယ်။

 

ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ်-၁၉ ရောဂါပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရန် အသွားအလာ ပိတ်ဆို့မှုကာလကို မေ ၃၁ ရက်နေ့အထိ တိုးမြှင့်လိုက်ကြောင်း ရေးသားထားပါတယ်။

 

ထုတ်ပြန်ကြေညာချက်မှာ ကျောင်းတွေ၊ ဘာသာရေးဝတ်ပြုနေရာတွေ၊ ဈေးဝယ်စင်တာတွေ၊ ရုပ်ရှင်ရုံတွေနဲ့ အားကစားခန်းမတွေဟာ ဆက်လက်ပိတ်ထားရမှာ ဖြစ်ပါတယ်။ ဘာသာရေးဆိုင်ရာနဲ့ အားကစားပွဲတွေအတွက် လူအများအပြား စုဝေးခြင်းကိုလည်း  ဆက်လက်တားမြစ်ထားခြင်း၊  မြို့တွင်းပြေးဆွဲနေတဲ့ ရထားတွေ၊ နိုင်ငံတကာနဲ့ ပြည်တွင်းလေကြောင်း ခရီးစဉ်များလည်း ဆက်လက်ပိတ်ထားခြင်း၊  စားသောက်ဆိုင်တွေအား ပါဆယ်သာ ရောင်းခွင့်ခြင်း၊ အားကစားပွဲတွေကို ပွဲကြည့်သူမပါဘဲ ယှဉ်ပြိုင်ကစားခွင့်ပေးခြင်း စတဲ့ အချက်အလက်တွေကို  ပါရှိတာကို တွေ့ရပါတယ်။

 

အိန္ဒိယနိုင်ငံမှာ ၂၄ နာရီအတွင်း  ရောဂါပိုးတွေ့ရှိသူ ၄,၉၈၇ ဦး အထိ အများဆုံးတွေ့ရှိခဲ့ရာ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၉၀,၉၂၇ဦးရှိပြီး လူပေါင်း ၂,၈၇၂ ဦးသေဆုံးကြောင်း သိရပါတယ်။

 

နိုင်ငံရဲ့ ကုန်ထုတ်လုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ ဖြေလျော့မှုတွေ ပြီးခဲ့တဲ့လက လုပ်ဆောင် ခဲ့ပါတယ်။ အခုသီတင်းပတ်မှာ ရုံးတွေကို လူ သုံးပုံတစ်ပုံနဲ့ လည်ပတ်ခွင့်ပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့ကလည်း နိုင်ငံရဲ့ ရထားလုပ်ငန်းတွေ ပြန်လည် လည်ပတ်ခွင့်ပေးခဲ့ကြောင်း သိရပါတယ်။

MDN

ကိုးကား- AFP