နယူးဒေလီ၊ မေ ၈
အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်၌ ကျောင်းသားများအား တင်ဆောင်လာသည့် နှစ်ထပ် သင်္ဘောတစ်စင်း ယမန်နေ့ညနေပိုင်းက တိမ်းမှောက်မှုဖြစ်ပွားရာ အနည်းဆုံး ၂၁ ဦး သေဆုံးခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က ယနေ့ပြောကြားသည်။
ဆယ်ဦးအား ရှာဖွေကယ်ဆယ်နိုင်ခဲ့
ကျောင်းသား ၃၅ ဦး တင်ဆောင်လာသည့် ၎င်းလှေသည် ကီရာလာပြည်နယ် မလက်ပူရန်ခရိုင်ရှိ ကမ်းရိုးတန်းမြို့ဖြစ်သည့် တနောမြို့ရှိ မြစ်အတွင်း၌ တိမ်းမှောက်ခဲ့ကြောင်းနှင့် လက်ရှိအချိန်တွင် ၁၀ ဦးအား ရှာဖွေကယ်ဆယ်နိုင်ခဲ့ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက ဆင်ဟွာသို့ ပြောကြားသည်။
သတ်မှတ်ထားသည့် လူဦးရေထက် ပိုမိုတင်ဆောင်လာသောကြောင့် ၎င်းသင်္ဘော တိမ်းမှောက်ခြင်းဖြစ်ကြောင်း မလက်ပူရန်ခရိုင် ရဲတပ်ဖွဲ့မှတာဝန်ရှိသူ အဗ္ဗဒူနဇား၏ပြောကြားချက်အရ သိရသည်။
သေဆုံးသူအများစုမှာ ကျောင်းအားလပ်ရက် ခရီးထွက်လာသည့် ကျောင်းသားများဖြစ်ကြောင်း ကီရာလာ ပြည်နယ် အားကစားဝန်ကြီး ဗွီအဒူရာ ဟီမန်ကို ကိုးကား၍ ပရက်စ်ထရပ်စ်အော့ဖ် အိန္ဒိယ သတင်းဌာနက ဆိုသည်။
ကျန်ရစ်သူမိသားစုများအတွက် ဝမ်းနည်းကြောင်း သတင်းစကားကို အိန္ဒိယနိုင်ငံသမ္မတ ဒိုပရီဒါမာမူနှင့် ဝန်ကြီးချုပ်မိုဒီတို့က အသီးသီးပေးပို့ခဲ့ကြသည်။
၎င်းဖြစ်စဉ်အတွင်း သေဆုံးခဲ့သူ တစ်ဦးစီအတွက် ရူးပီး ၂၀၀၀၀၀ ကို ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုးကား- ဆင်ဟွာ
ဘာသာပြန်- စိုးသူရ