ဇန်နဝါရီ ၆

အိန္ဒိယနိုင်ငံတောင်ပိုင်း ကာနာတာကာပြည်နယ်တွင် Human Metapneumovirus (HMPV) ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူနှစ်ဦး တွေ့ရှိခဲ့ကြောင်း ဖက်ဒရယ်ကျန်းမာရေးဝန်ကြီးဌာနက ယနေ့တွင် ပြောကြားသည်။

အဆိုပါဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူနှစ်ဦးအနက် တစ်ဦးသည် သုံးလသားအရွယ်မိန်းကလေးတစ်ဦးဖြစ်ပြီး အခြားတစ်ဦးသည် ရှစ်လသားအရွယ် ယောကျ်ားလေးတစ်ဦးဖြစ်သည်ဟုသိရသည်။ ထိုဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူနှစ်ဦးကို ထိုပြည်နယ်မြို့တော် ဘန်ဂါလူရူတွင်တည်ရှိသော ဘတ်တစ်ဆေးရုံတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းနှင့် ၎င်းနှစ်ဦးစလုံးသည် bronchopneumonia အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါရာဇဝင်ရှိသူများဖြစ်ကြောင်း  ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။

HMPV ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူယောကျ်ားလေးသည် ကျန်းမာရေးစောင့်ရှောက်မှုအောက်တွင်ပြန်လည်ကောင်းမွန်လာပြီး မိန်းကလေးငယ်သည် ထိုဆေးရုံမှဆင်းသွားပြီဖြစ်သည်ဟု သိရသည်။

၎င်းကလေးငယ်နှစ်ဦးစလုံးသည် နိုင်ငံခြားခရီးသွားရာဇဝင်မရှိကြောင်း၊ HMPV ဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားမှုသည် အိန္ဒိယနိုင်ငံအပါအဝင် ကမ္ဘာတစ်ဝန်းဖြစ်ပွားလျက်ရှိနေပြီဖြစ်ကြောင်း ထိုဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။

ထိုဗိုင်းရပ်စ်ကူးစက်ဖြစ်ပွားသူနှစ်ဦးတွေ့ရှိပြီးနောက် ယင်းဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှုတိုက်ဖျက်ရေးအသင့်ပြင်ဆင် လုပ်ဆောင်မှုအားလုံး ပြန်လည်သုံးသပ်ရန် ကျန်းမာရေးဝန်ကြီးဌာနက အရေးပေါ်အစည်းအဝေးတစ်ရပ် ခေါ်ယူခဲ့သည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို