ဇွန် ၂၀

အိန္ဒိယနိုင်ငံတောင်ပိုင်း တမီးလ်နာဒူပြည်နယ်တွင် ယမန်နေ့က ကောင်းမွန်ခြင်းမရှိသောအရက်များ သောက်သုံးပြီးနောက် ၁၂ ဦးထက်မနည်းသေဆုံးခဲ့ပြီး အခြား လူ ၆၀ နီးပါးမှာ အစိုးရဆေးရုံအသီးသီးတွင် ကုသမှုခံယူခဲ့သည်ဟု ဒေသတွင်းရဲအရာရှိတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ဖုန်းဖြင့်ဆက်သွယ်ပြောကြားသည်။

အဆိုပါသေဆုံးသူများသည် တမီးလ်နာဒူပြည်နယ် Kallakurichi ခရိုင်မှဖြစ်သည်ဟု သိရသည်။ သေဆုံးသူအများစုသည် ဆင်းရဲသားလူတန်းစား အလုပ်သမားများဖြစ်ကြောင်းနှင့် ယင်းဒေသတွင် အရက်ရောင်းချမှုများပြားကြောင်း ဖော်ပြထားသည်။

အသည်းအသန်နာမကျန်းသူများကို နီးစပ်ရာခရိုင်များရှိဆေးရုံအသီးသီးသို့ ပို့ဆောင်ပေးခဲ့ကြောင်းနှင့် သေဆုံးသူဦးရေ မြင့်တက်လာဖွယ်ရှိကြောင်း ထိုရဲအရာရှိက ပြောကြားသည်။

ပြည်နယ်အစိုးရအဖွဲ့က ခရိုင်အဆင့်မြင့်တာဝန်ရှိသူတစ်ဦးကိုပြောင်းရွှေ့ပေးပြီး ၎င်းဒေသရှိအဆင့်မြင့်ရဲအရာရှိ အနည်းငယ်ကိုလည်း ခေတ္တရာထူးချထားသည်။ ဆေးဘက်ဆိုင်ရာအထူးအဖွဲ့သည် နာမကျန်းသူများအား ပိုမိုကောင်းမွန်သောကုသမှုပေးရန်အတွက် ထိုဒေသသို့ အမြန်ဆုံးသွားရောက်ခဲ့ကြသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို